DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခြင်းမဟုတ်ဟု ယူအန်အက်ဖ်စီ ကြေညာ
DVB
·
April 8, 2015
တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခြင်းမဟုတ်ဟု ယူအန်အက်ဖ်စီ ကြေညာ
Donate to DVB

ပြီးခဲ့တဲ့ သဘောတူလက်မှတ်ရေးထိုးမှုဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ စာချုပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးခြင်း သာ ဖြစ်တယ်လို့  ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)  က ဧပြီ ၇ ရက်နေ့မှာ ကြေညာပါတယ်။

မတ် ၃၁ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား သမ္မတရှေ့မှောက်မှာ သဘောတူ လက်မှတ်ထိုးခဲ့တာပါ။

အန်စီစီတီနဲ့ ယူပီဒဗလျူစီတို့အကြား ရရှိထားတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် အတည်ပြုမူကြမ်းဟာ အပြီးသတ် သဘောတူလိုက်တဲ့စာချုပ် မဟုတ်ဘဲ စာချုပ်ပါ အကြောင်းအရာအချို့ကို ဆက်လက်ဆွေးနွေးပြီး လိုအပ်တဲ့ အကောင်အထည်ဖော်မှု ရှိမှသာ အပြီးသတ် သဘောတူလက်မှတ်ရေးထိုးနိုင်မယ်လို့လည်း   တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု(ယူအန်အက်ဖ်စီ)ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ယူအန်အက်စီရဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က  “အန်စီစီတီနဲ့ ယူပီဒဗလျူစီတို့ အကြားကနေပြီး လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ဟာက အတည်ပြုမူကြမ်းပဲ ဖြစ်တယ်။ အချော မဟုတ်သေးဘူး။ တချို့မြင်တာက မူကြမ်းကို အတည်ပြုလိုက်ပြီလို့ပဲ သာမန်ကာလျှံကာ မြင်ကြ ပြောကြတာလေ။ ဒါလူထုတွေ သို့လောသို့လော အမြင် ဖြစ်တာပေါ့။ တချို့ အပြည်ပြည်ဆိုင်ရာ လူတွေကလည်း ဒီလိုပဲ မြင်ကြတာ တွေ့ရပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ အပြီးသတ်သွားပြီ၊ သဘောတူလိုက်ပြီ၊ ကျနော်တို့ နောက်ထပ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို သွားလို့ရပြီဆိုတဲ့ဟာမျိုး မဟုတ်သေးဘူး”လို့ ပြောပါတယ်။

ဒါအပြင် မူကြမ်းမှာ ပါတဲ့အချက်အားလုံး သဘောတူပြီးရင်လည်း လက်တွေ့အခြေအနေနဲ့ ကိုက်ညီ ဖြစ်ဖို့ လိုအပ်တယ်လို့လည်း  ခူးဦးရယ်က ပြောပါတယ်။

“ကျနော်တို့ကတော့ သဘောတူနိုင်ပြီ၊ သဘောတူလို့ရပြီလို့ ပြောပေမယ်လို့ မြေပြင်မှာက စစ်ဆင်ရေးတွေ ရှိနေသေးတယ်။ နယ်မြေတည်ငြိမ်အေးချမ်းမှုတွေ မရှိသေးဘူး။ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတယ်။ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် မရှိသေးဘူးဆိုရင်တော့ အဆုံးသတ်လက်မှတ်ထိုးဖို့ဆိုတာက ကျနော်တို့အတွက် စဉ်းစားစရာ အကြောင်းအရာတခု ဖြစ်နိုင်ပါတယ်။ ဆိုတော့ စာချုပ်မှာ ကျနော်တို့ သဘောတူပြီ ဆိုရင် မြေပြင်မှာ ဖြစ်ပျက်မှုတွေ အားလုံးကို အပြီးသတ် အကောင်အထည်ဖော်ပြီးသား ဖြစ်ရမှာ ဖြစ်ပါတယ်။”

စာချုပ်မူကြမ်းကို နှစ်ဖက်စလုံးက သက်ဆိုင်ရာခေါင်းဆောင်တွေထံ ပြန်လည်တင်ပြ အစီရင်ခံရမှာ ဖြစ်ပြီး နှစ်ဖက်စလုံး အဆင်သင့်ဖြစ်တဲ့အခါ ပြန်လည်တွေ့ဆုံညှိနှိုင်းပြီးတော့မှ နှစ်ဖက်စလုံးက သဘောတူ လက်ခံနိုင်တဲ့ အခြေအနေမျိုး ရောက်ရင်  နှစ်ဖက်ထိပ်သီး ခေါင်းဆောင်တွေက  အပြီးသတ် လက်မှတ်ရေးထိုးကြမှာ ဖြစ်တယ်လို့ ယူအန်အက်ဖ်စီက ပြောပါတယ်။

နိုင်ငံပိုင်သတင်းစာတွေမှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ပြုဆောင်းပါးတွေ ဆက်တိုက် ဖော်ပြနေသလို   ကြိုဆိုထောက်ခံတဲ့  ဆန္ဒထုတ်ဖော်ပွဲတွေ နိုင်ငံအနှံ့  ကျင်းပတဲ့ သတင်းတွေမှာ နေ့စဉ် ဖော်ပြနေပါတယ်။

သဘောတူစာချုပ်  လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပေါ်  ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက သမိုင်းဝင် အောင်မြင်မှုအဖြစ် ကြိုဆိုကြောင်း အသီးသီးထုတ်ပြန်ထားကြပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီလျောင်မင်ကလည်း  သမိုင်း မှတ်တမ်းတင်နိုင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသ‌ဘောတူညီချက်ဟာ အနာဂတ် ငြိမ်းချမ်းရေးနဲ့ ပြန်လည် စည်းလုံးသင့်မြတ်ရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ အထောက်အပံ့ ဖြစ်စေမယ့်အပြင် ငြိမ်းချမ်းစည်းလုံး သာတူညီမျှရှိတဲ့ မြန်မာနိုင်ငံကို ဖော်ဆောင်နိုင်ရုံမက အာဆီယံဒေသတွင်း အကျိုးစီးပွားနဲ့  ဒေသတွင်း ငြိမ်းချမ်းရေးတည်ငြိမ်ရေး ဖော်ဆောင်ရာမှာ အထောက်အပံဖြစ်စေ မယ်လို့ သ၀ဏ်လွှာ ရေးသားပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013