DVB Logo
Home
မြန်မာသတင်း
အမေရိကန်သံတမန် သေဆုံးမှုတွင် သံသယရှိသူ ထိုင်းအမျိုးသမီး ၁ ဦး လဝက ဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ် ကျခံရ
DVB
·
August 27, 2026
Photo: U.S. Embassy Rangoon
Photo: U.S. Embassy Rangoon
Donate to DVB

အမေရိကန်သံတမန် ခင်ပွန်းဟောင်းကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ထိုင်းအမျိုးသမီး တယောက်ဟာ  မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးက ထိုင်းအမျိုးသမီး ပါဝီနီ ဆုပါသီရိဝိဆန်းကို နိုင်ငံအတွင်း ပြစ်မှုကျူးလွန်တဲ့ ဘယ်နိုင်ငံခြားသားမဆို အကျုံးဝင်တဲ့ ပုဒ်မနဲ့  ဩဂုတ် ၂၅ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ဒီအမှုနဲ့ နီးစပ်တဲ့ ရှေ့နေက ပြောပါတယ်။

ထိုင်းအမျိုးသမီးဟာ ထောင်ဒဏ်ကျခံရပေမဲ့ လူသတ်မှုအတွက် တရားရင်ဆိုင်ရဖွယ် ရှိနေသေးတယ်လို့ ရှေ့နေက ပြောပါတယ်။ ပါဝီနီကို လက်ရှိမှာ ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို အမေရိကန်နဲ့ မြန်မာတာဝန်ရှိသူတွေဘက်က တရားဝင် ထုတ်ဖော်ပြောကြားတာမရှိပေမဲ့ New York Post တခြားအနောက်နိုင်ငံ သတင်းမီဒီယာတွေကတော့ သေဆုံးသူမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒုတိယ ဒေသဆိုင်ရာ လုံခြုံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၄၃ နှစ်အရွယ် ဒန်နီယယ် ပေါလ်ရီဗာ ဖြစ်ကြောင်း ဖော်ပြပါတယ်။

ရန်ကုန်မှာ အမေရိကန် အစိုးရဝန်ထမ်းတယောက် သေဆုံးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့ပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး အကြောင်းပြချက်နဲ့ သေဆုံးသူရဲ့ အမည်အပါအဝင် တခြားအချက်အလက်တွေကို ထပ်မံထုတ်ပြန်တာမရှိပါဘူး။

မေ ၁၁ ရက် ရန်ကုန်ရှိ အမေရိကန်သံရုံးနဲ့ ၁ မိုင်လောက်ပဲဝေးတဲ့ သံတမန်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာဧည့်သည်တွေတည်းခိုလေ့ရှိတဲ့ Sakura Residence & Hotel မှာ အဆိုပါ အမေရိကန်သံတမန်ရဲ့ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရပြီးနောက် ထိုင်းအမျိုးသမီး ပါဝီနီကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ကို ရဲတပ်ဖွဲ့က ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်တဲ့ လူသတ်မှုပုဒ်မနဲ့ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒါပေမဲ့ အဆိုပါထိုင်းအမျိုးသမီးကို လူသတ်မှုနဲ့ တရားဝင် စွဲချက်တင်ထားခြင်း ရှိမရှိနဲ့ လူသတ်မှု စုံစမ်းစစ်ဆေးရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ရှိမရှိ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့၊ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တရားရုံးတို့က မှတ်ချက်ပေးဖို့  ငြင်းဆန်ခဲ့ပါတယ်။

Source: AP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013