DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်အတည်ပြု
DVB
·
April 7, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်အတည်ပြု
Donate to DVB

အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို ဒီမိုကရေစီပညာရေးလွတ်လပ်ခွင့်အာမခံခြင်းဆိုတဲ့အပိုဒ် တစ်ခုလုံးကိုဖြုတ်ချပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးမှာ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး တင်သွင်း ထားတဲ့ ပြင်ဆင်ချက်အဆိုတွေကို မနက်ပိုင်းရော ညနေပိုင်းပါ တစ်ပိုဒ်ချင်းအလိုက် ဆွေးနွေးပြီး လွှတ်တော် အဆုံးအဖြတ်ရယူ အတည်ပြုလိုက်တာပါ။

ဆွေးနွေးတဲ့အထဲမှာအမျိုးသားလွတ်တော်က အတည်ပြုထားတဲ့ ပြင်ဆင်ချက်အတိုင်း လိုက် အတည်ပြုတာရှိသလို ပြင်ဆင်ထားတဲ့ အချက်တွေလည်းရှိတယ်လို့ သီပေါပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
“စုစုပေါင်း ၁၃၁ ချက်လောက်ရှိတယ်။ ၁၃၁ ချက်မှာ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်းကို အတည်ပြုတဲ့အချက်ပေါင်းက ၅၀။ နောက် ကျနော်တို့ ပြည်သူ့လွှတ်တော်က ပြင်ဆင်တဲ့ ပြင်ဆင်ချက်ကို ကျနော်တို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထင်မြင်ချက် မတင်တဲ့ အချက်ပေါင်းက ၄၅ ချက်။ နောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ချင်တယ်ဆိုတဲ့ အချက် ၃၆ ချက်ရှိတယ်။”

အတည်ပြုခဲ့တဲ့ အချက်တွေထဲမှာ သပိတ်မှောက် ကျောင်းသားတွေတောင်းဆိုခဲ့တဲ့ အချက်တချို့ ပါဝင်ခဲ့ပေမယ့် အမျိုးသားပညာရေးကော်မရှင်အတွင်း ကျောင်းသားနဲ့ဆရာတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ ထည့်သွင်းပေးရေးတောင်းဆိုချက်ပယ်ချခံခဲ့ရသလို ဒီမိုကရေစီ ပညာရေးလွတ်လပ်ခွင့်ကို အာမခံခြင်းဆိုတဲ့ အပိုဒ် ၂၂ တစ်ခုလုံးကိုလည်း ပြည်သူ့ လွှတ်တော်ကဖြုတ်ချခဲ့ပါတယ်။

သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်ကတည်ငြိမ်မှုရှိတဲ့ ပညာရေးစနစ် တည်ဆောက်မယ်ဆိုရင် မူလအဆိုပြုထားတဲ့အတိုင်း ဒီမိုကရေစီပညာရေး လွတ်လပ်ခွင့်ကို အာမခံပေးချက်ပေးရပါမယ်၊ အဲ့လိုအာမခံချက်ပေးမယ်ဆိုရင် အဆိုပြု ပြဌာန်းချက်အပိုဒ် ၂၂ ကို ပြန်လည်ထည့်သွင်းပေးဖို့ လိုအပ်ကြောင်း ဆွေးနွေးသွားပါတယ်။

ကျောင်းသားသမဂ္ဂကို ဖြုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ကန့်ကွက်ခဲ့တဲ့ ပြည်သူ့ လွှတ်ကိုယ်စားလှယ် ဦးသိန်းညွန့်က “ကျနော်ကတော့ ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာ ပိုပြီးအားကောင်းအောင် ကျနော်ကြိုးစားပါတယ်။ ဟိုအရင်တုန်းက ကျနော် ဝေါဟာရမှာ ကျောင်းသားသမဂ္ဂဆိုတာ ဥပဒေဝေါဟာရမှာ ဘယ်လိုထည့်သင့်တယ်ဆိုတာ။ ဒါပေမယ့် သူတို့က ကျောင်းသားသမဂ္ဂကိစ္စ အပိုဒ်တပိုဒ်မှာ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ပဋိညာဉ် အတိုင်း လုပ်လို့ရတယ်ဆိုပြီးတော့ ကျနော်က ဥပဒေ အပေါ်မှာ ဝေါဟာရဖွဲ့တာကို ကျနော်က လက်မခံဘူး။ အလားတူပဲ ကျောင်းသားသမဂ္ဂတွေနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေကို ရပ်တည်ပြီးဆွေးနွေးဖြစ်တာပေါ့။ နောက်ဆုံးဒီနေ့ ကျောင်းသားတွေတောင်းဆိုတဲ့ ပညာရေး ဘတ်ဂျတ် ၅ နှစ်အတွင်း အနည်းဆုံး ၂၀ ရာခိုင်နုန်းကိစ္စ ဒါလည်း ကျနော်ထောက်ခံတယ်။ သို့သော် ကျနော့်ရဲ့ပြင်ဆင်ချက်တွေကတော့ မအောင်မြင်ပါဘူး။”

အမျိုးသားလွှတ်တော်မှာ ဥပဒေမူကြမ်းအတည်ပြုတုန်းကလည်း ကျောင်းသားတွေ တောင်းဆိုတဲ့ အဓိကအချက်တွေထဲက တချက်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရေးကို ပဋိညာဉ်နဲ့အညီ ဖွဲ့စည်းရမယ်လို့ ပြင်ဆင်ထားပါတယ်။

ဥပဒေကြမ်းပါ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အစား ဆရာများမှ ရွေးချယ်သောကိုယ်စားလှယ်၊ ကျောင်းသားများမှရွေးချယ်သောကိုယ်စားလှယ်ဆိုပြီး ပြင်ဆင်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က အဆို တင်သွင်းသွား ခဲ့ပါတယ်။

ဒီအဆိုတင်သွင်းရခြင်းနဲ့ပတ်သက်ပြီး ဦးဖြိုးဇေယျာသော်က “အဲဒီစာပုဒ်ဟာ တက္ကသိုလ်ကောင်စီဆိုတဲ့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်း ဖွဲ့စည်းတဲ့ ပုဒ်မပါ။ အဲဒီပုဒ်မမှာ ပထမ အန်အန်အီးအာကနေ တဆင့်တင်သွင်းထားတဲ့ ဥပဒေကြမ်းမှာ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဆိုပြီးတော့ အဲလို စာသားနဲ့ရေးထားပါတယ်။ ကျနော်တို့အနေနဲ့ ပြင်ဆင်ချက်တင်သွင်းတယ်ဆိုတဲ့ဟာကတော့ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်မှ မဟုတ်ဘူး။ ဆရာတွေထဲမှာလည်း သမဂ္ဂ၀င်တဲ့ဆရာတွေရှိသလို မ၀င်တဲ့ဆရာတွေလည်းရှိမယ်။ ကျောင်းသားထဲမှာလည်း သမဂ္ဂ၀င်တဲ့သူတွေရှိသလို မ၀င်တဲ့သူတွေလည်းရှိနိုင်တယ်။ အဲဒီအတွက်ကြောင်မို့လို့ ဆရာရော၊ ကျောင်းသားရော ဘယ်သူမဆို ကိုယ်စားပြုမှုရအောင်ဆိုပြီးတော့ ကျနော်တို့က ဆရာများမှ ရွေးချယ်သော ကိုယ်စားလှယ်၊ ကျောင်းသားများမှရွေး ချယ်သောကိုယ်စား လှယ်ဆိုပြီးတော့ ပြင်ဆင်ချက်တင်တာပါ။” လို့ ပြောပါတယ်။

ဒီပြင်ဆင်ချက်ကို ဥပဒေကြမ်းကော်မီတီကလည်း ထောက်ခံတဲ့အတွက်ကြောင့် ပြည်သူ့ လွှတ်တော်က ပြင်ဆင်အတည်ပြုထားပါတယ်။

ပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ ပညာရေးဘတ်ဂျက်ကို ၂၀ရာနှုန်းထိတိုးမြှင့်ပေးရေးအချက်နဲ့ ပတ်သတ်လို့ နိုင်ငံတော်ရဲ့ ပညာရေး အသုံးစရိတ်ကို နိုင်ငံ့အသုံးစရိတ်အားလုံးရဲ့ ၂၀ရာခိုင်နှုန်းအထိ ရောက်ရှိရေး အတွက်ရည်မှန်းချက်ထားဆောင်ရွက်ရေးဆိုပြီး ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်အတည်ပြုခဲ့ပါတယ်။

ခုပြည်သူ့ လွှတ်တော်မှာအတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ထံ ပြည်လည်ပေးပို့မှာဖြစ်ပြီး အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်နဲ့ သဘောထား ကွဲလွဲချက်တွေကို ပြန်လည် ဆွေးနွေးကြဦးမှာပါ။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပညာရေး ၀န်ကြီးဌာနက လွှတ်တော်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တရားဝင် တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်က မတ်လ ၂၆ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံ ပြည်သူတွေကတော့ သာယာဝတီ ထောင်မှာ ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲခံ ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013