
စက်သုံးဆီဈေးနှုန်း ထိန်းနိုင်ဖို့ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်း ထုတ်ရောင်းမယ်လို့ မေ ၅ ရက်မှာ ကြေညာထားပါတယ်။
ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် ပုံမှန် ဒေါ်လာထုတ်ရောင်းပေးနေပေမဲ့ ဒီတခေါက်မှာတော့ အရင်အကြိမ်တွေထက် ပိုများတဲ့ ပမာဏနဲ့ ထုတ်ရောင်းထားတာကို တွေ့ရပါတယ်။
ဒီဒေါ်လာတွေကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အွန်လိုင်း ပလက်ဖောင်းကနေတဆင့် ရောင်းချ သွားမယ်လို့ သိရပါတယ်။
အဲဒီလို ရောင်းချတာဟာ ပြည်တွင်းနိုင်ငံခြားငွေဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်တွေဆီက ရယူထားတဲ့ ဒေါ်လာတွေကို သွင်းကုန်လုပ်ငန်းရှင်တွေထံ ပြန်လည် ဖြန့်ဝေနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာလည်း ဗဟိုဘဏ်အနေနဲ့ ဒေါ်လာသန်းရာပေါင်းများစွာ ထုတ်ရောင်း ခဲ့တာရှိပါတယ်။
ဒါ့အပြင် စက်သုံးဆီဈေးနှုန်းဖိအား လျော့နည်းစေဖို့အတွက် ဒီဇယ်တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အခွန်တွေကိုလည်း ယာယီကင်းလွတ်ခွင့်ပေးထားပြီး အဲဒီကာလကို မေ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ထားပါတယ်။
ကမ္ဘာ့အဆင့်မှာလည်း အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးကွက် မတည်ငြိမ်မှုတွေ ဖြစ်နေပြီး ပြည်တွင်းမှာတော့ စက်သုံးဆီဈေးတက်တာ၊ လိုသလောက် မဝယ်နိုင် တာတွေ ကြုံတွေ့နေရပါတယ်။
လက်ရှိမှာတော့ မော်တော်ယာဉ်တွေကို စုံရက်နဲ့ မရက် ခွဲပြီး မောင်းနှင်စေတာ၊ စက်သုံးဆီကို QR ကုတ်နဲ့ မော်တော်ယာဉ် အင်ဂျင်ပါဝါအလိုက် ကန့်သတ် ရောင်းတာတွေ လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် စက်သုံးဆီဖြန့်ဖြူးမှု မျှောစာထုတ်ပေးရာမှာ application ရေးပြီး QR ကုတ်စနစ်သုံးကာ စစ်ဆေးရေး ဂိတ်တွေမှာ scan ဖတ် စစ်ဆေးနေသလို၊ ဆိပ်ကမ်းက သိုလှောင်ကန်စခန်း တွေမှာလည်း အလိုအလျောက် စစ်ဆေးရေးစနစ်အသုံးပြုတာ၊ ဆီသယ်ယာဉ်တွေမှာ GPS တပ်ဆင် စေတာတွေ ပြုလုပ်နေတယ်လို့ စစ်အာဏာရှင်ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဦးကိုကိုလွင်က မေ ၄ ရက် အစည်းအဝေးမှာ ပြောပါတယ်။
စစ်အာဏာရှင်ဟာ စက်သုံးဆီသယ်ယူဖြန့်ဖြူးမှု supply chain တခုလုံးကို ဒီဂျစ်တယ်စနစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။










