
မြောက်ကိုရီးယားနိုင်ငံရဲ့ ရပ်တည်ချက်ကို နျူကလီးယားနိုင်ငံအဖြစ် ကျင့်သုံးတာဟာ ခန့်မှန်းရခက်ပြီး ရှုပ်ထွေးနေတဲ့ ကမ္ဘာ့လုံခြုံရေးအခြေအနေကို ရင်ဆိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရရုပ်သံ KRT က ဇွန် ၂၃ ရက်မှာ ထုတ်လွှင့်သွားပါတယ်။
ဇွန် ၂၀ ရက် စတင်ပြီး ဇွန် ၂၂ ရက်မှာ ပြီးဆုံးခဲ့တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ကင်မ်ဂျုံအန်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူတို့ရဲ့ ပူးတွဲ နျူကလီးယားအင်အားကို တစိုက်မတ်မတ် မြှင့်တင်နေပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ လုံခြုံရေးအခြေအနေကို ပိုပြီးအန္တရာယ်ကြီးအောင် လုပ်နေတယ်လို့ ကင်မ်ဂျုံအန်းက စွပ်စွဲခဲ့သလို သူတို့ရဲ့ တခုတည်းသော ရည်ရွယ်ချက်ဟာ မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့ပဲလို့လည်း ပြောပါတယ်။
“နျူကလီးယားအင်အားကို တစိုက်မတ်မတ် တိုးချဲ့ အင်အားဖြည့်တင်းသွားဖို့နဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ ဆိုတဲ့ ရပ်တည်ချက်ကို အပြည့်အဝ ကျင့်သုံးသွားဖို့ဟာ ပုံစံမျိုးစုံနဲ့ ရှုပ်ထွေးလာပြီး ခန့်မှန်းရခက်တဲ့ နိုင်ငံတကာ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေကို တက်ကြွပြီး ယုံကြည်ချက်ရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မဲ့ အမှန်ကန်ဆုံးနဲ့ တခုတည်းသော နည်းလမ်းဖြစ်တယ်” လို့ မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ KCNA က ဖော်ပြပါတယ်။
ဒါပေမဲ့ နိုင်ငံရဲ့ နျူကလီးယားလက်နက်တိုက်နဲ့ ပတ်သက်ပြီး ဘယ်လိုတိကျတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမလဲ ဆိုတာကိုတော့ KCNA က အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
Source: Reuters










