
နိုင်ဂျီးရီးယားနိုင်ငံ၊ ဂျော့စ်မြို့ရှိ ဘိုက်ဘယ်လ်ဖေ့သ်ရပ်ကွက်မှာ ညအချိန်ရောက်တိုင်း နေထိုင်သူအများစုက အိမ်ထဲမှာပဲ တံခါးပိတ်ပြီး နေကြပေမဲ့ ဘာသာပေါင်းစုံက အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်တဲ့ အရပ်ဘက် လုံခြုံရေး ကိုယ်ထူကိုယ်ထ အဖွဲ့တခုကတော့ ရာဇဝတ်မှုနှုန်း လျော့ကျစေဖို့အတွက် ဓာတ်မီးနဲ့ ကြိမ်လုံးတချောင်း ကိုင်ပြီး ကင်းလှည့်နေပါတယ်။
ဒီအဖွဲ့ဟာ အရေးပေါ်လိုအပ်ချက်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်လောက်က အမျိုးသားကင်းလှည့်အဖွဲ့ကို ဦးဆောင်သူ “Big Tarzan” ဆိုသူ ကွယ်လွန်သွားပြီးနောက် ရပ်ကွက်ထဲမှာ လုံခြုံရေးအဖွဲ့ ပျက်သွားပြီးတော့ အဲဒီနောက်ပိုင်းမှာ ရပ်ရွာအတွင်း ရာဇဝတ်မှုတွေ များပြားလာကာ ဘာသာရေးပဋိပက္ခတွေလည်း မြင့်တက်လာချိန်မှာ အမျိုးသမီးတွေကိုယ်တိုင် လုံခြုံရေးအတွက် ဦးဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
အသက် ၅၄ နှစ်အရွယ် မုဆိုးမ ဘလက်ဇင်း အန်ဂိုဇီ အီမန်နျူရယ် ဦးဆောင်တဲ့ ပြည်သူ့ဘက်တော်သား အမျိုးသမီးများအဖွဲ့မှာ ဘာသာရေးညီညွတ်မှုကို အခြေခံထားပြီး ခရစ်ယာန်ဘာသာဝင် ၁၀ ယောက်နဲ့ အစ္စလာမ်ဘာသာဝင် ၁၀ ယောက်၊ စုစုပေါင်း အမျိုးသမီး အယောက် ၂၀ နဲ့ ဖွဲ့စည်းထားပါတယ်။
သူတို့ဟာ ညစဉ်ညတိုင်း ၉ နာရီမှ မနက် ၁ နာရီအထိ ကင်းလှည့်ရင်း ဓားတွေ၊ သေနတ်တွေ ကိုင်ထားတဲ့ မူးယစ်ဆေးရောင်းသူတွေ၊ သူခိုးတွေနဲ့ လူငယ်ဂိုဏ်းတွေကို ရင်ဆိုင်နေကြတာပါ။
ခေါင်းဆောင် အီမန်နျူရယ်က “ကလေးတွေ အတူတူပေါင်းပြီး ရာဇဝတ်မှု ကျူးလွန်နိုင်ရင်၊ မူးယစ်ဆေးသုံးနိုင်ရင် ငါတို့ မိခင်တွေကလည်း ရပ်ကွက်ငြိမ်းချမ်းရေးအတွက် အတူတူ လက်တွဲလို့ ရ,ရမှာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ သူတို့အဖွဲ့ဟာ အစိုးရဆီက ဘဏ္ဍာရေးနဲ့ ပစ္စည်းကိရိယာ ထောက်ပံ့မှု လုံးဝမရရှိဘဲ ဒေသန္တရ ပြည်သူ့စစ်ဌာနက ထုတ်ပေးထားတဲ့ အသိအမှတ်ပြု ID ကတ်နဲ့သာ တာဝန်ထမ်းဆောင်နေကြတာပါ။
ဒါပေမဲ့ သူတို့ရဲ့ ဆောင်ရွက်မှုကြောင့် ရပ်ကွက်အတွင်း ဂိုဏ်းဖွဲ့သောင်းကျန်းမှုတွေ ကွယ်ပျောက်သွားပြီး ခိုးဆိုးလုနှိုက်မှုနှုန်း သိသိသာသာ ကျဆင်းသွားကာ ညဉ့်နက်ပိုင်းအထိ ဖွင့်လှစ်တဲ့ ဆိုင်တွေကို ထိန်းချုပ်နိုင်တာကြောင့် ရပ်ရေးရွာရေး အစီအစဉ်တကျ ဖြစ်လာတယ် ဆိုတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်နေပါတယ်။
ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေ ကြီးစိုးနေတဲ့ ဒီလိုဒေသမျိုးမှာ ဒီအမျိုးသမီးတွေဟာ လက်နက်အားကိုးနဲ့မဟုတ်ဘဲ စည်းလုံးညီညွတ်မှုနဲ့ အင်အားကို ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပြီး ဒါဟာ တခါတလေမှာ အစွမ်းထက်ဆုံး အကာအကွယ်ပေးသူတွေဆိုတာ ယူနီဖောင်းဝတ်ထားသူတွေ မဟုတ်ဘဲ မိမိတို့ရဲ့ လူမှုဝန်းကျင်ကြီး ပျက်စီးမသွားအောင် အရှုံးမပေးဘဲ ကာကွယ်နေကြတဲ့ မိခင်တွေရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ပဲ ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
Source: Reuters










