DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲကိစ္စ သမ္မတအိမ်တော်မှာ ၄၈ ဦး တွေ့ဆုံမည်
DVB
·
April 7, 2015
ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲကိစ္စ သမ္မတအိမ်တော်မှာ ၄၈ ဦး တွေ့ဆုံမည်
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေဆွေးနွေးဖို့ မနက်ဖြန် ဧပြီ ၈ ရက် နေပြည်တော်မှာ သမ္မတ၊ ကာချုပ်၊ လွှတ်တော်အကြီးအကဲတွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအ၀င် ၄၈ ဦး တွေ့ဆုံဖို့ ရှိတယ်လို့ ဖိတ်ကြားခံရသူတွေက ပြောပါတယ်။

မနက်ဖြန် ညနေ ၃ နာရီ သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမမှာ ၄၈ ပွင့် ထပ်မံတွေ့ ဆုံကြမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု အန်ဒီအက်ဖ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သမ္မတအိမ်တော်ဝင်းထဲမှာ ခါတိုင်းလိုပဲ ၄၈ ပွင့်ဆိုင် တွေ့ဖို့ ဖိတ်ထားပါတယ်။ ဒီမနက် ဖိတ်စာ ရောက်ပါပြီ။ အဓိကကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့အခါ နိုင်ငံရေးမူဘောင် ရေးဆွဲရေးကိစ္စတွေ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေးနဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် နိုင်ငံရေးအနေအထားတွေ ဆွေးနွေးကြဖို့ ပါပဲ” လို့ ပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် ဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မူကြမ်း အတည်ပြုနိုင်ခဲ့တဲ့ ကိစ္စ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ချောမွေ့ရေးနဲ့ ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေးတည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲဖိတ်ကြားခံရသူ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း ဒီဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး “အားလုံးကတော့ တိုင်းပြည်အကျိုး အတွက်ပါဘဲ။ အားလုံးရဲ့ ရည်ရွယ်ချက်က တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားတွေအတွက် အကျိုးရှိဖို့၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့ အဲဒါပါပဲ အားလုံး ရည်ရွယ်ချက် တူပါတယ်။ တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်ထွန်းလာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ယခင်ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားပါတီဥက္ကဌ ပူးဇိုဇမ်ကတော့ ဒီ ၄၈ ပွင့် တွေ့ဆုံဆွေးနွေးပွဲဟာ တကြိမ်ထက်တကြိမ်ပိုပြီး ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်ကလည်း နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013