
မာလီနိုင်ငံအလယ်ပိုင်းက ကျေးရွာ ၂ ရွာကို အလ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ သူပုန်တွေက မေ ၆ ရက်ညပိုင်းမှာ တိုက်ခိုက်ခဲ့လို့ အစိုးရလိုလားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ အရပ်သားတွေအပါအဝင် လူပေါင်း ၅၀ လောက် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ အလ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ ဂျာမတ်နူစ်ရတ် အလ်-အစ္စလာမ် ဝါလ်-မူစလီမင် (JNIM) အဖွဲ့နဲ့ တွာရက်ဂ် လူမျိုးအများစု ပါဝင်တဲ့ FLA သူပုန်အုပ်စု ပူးပေါင်းပြီး ဧပြီလနှောင်းပိုင်းမှာ မာလီနိုင်ငံကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးစစ်ဆင်မယ်လို့ ကြေညာထားပြီး နောက်ပိုင်း အသေအပျောက် အများဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ညပိုင်းက လက်နက်ကိုင် တိုက်ခိုက်သူတွေဟာ မော့ပ်တီးဒေသက ရွာ ၂ ရွာကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သလို၊ ရွာတွေကိုလည်း မွှေနှောက် ဖျက်ဆီးသွားခဲ့တာလို့ ကူညီရေးဝန်ထမ်းတယောက်၊ သံတမန်တယောက်နဲ့ လုံခြုံရေး သတင်းရင်းမြစ် တယောက်တို့က ပြောပါတယ်။
မာလီစစ်တပ် ပြောရေးဆိုခွင့်ရှိသူကတော့ ဒီတိုက်ခိုက်မှုတွေအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
သေဆုံးသူတွေထဲမှာ အရပ်သား ဘယ်နှစ်ယောက် ပါဝင်တယ်ဆိုတာ မရှင်းလင်းသေးပါဘူး။ ဒေသတွင်း ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဒိုဇို မုဆိုးအဖွဲ့တွေက အဲဒီဒေသမှာ စစ်သွေးကြွ တိုက်ခိုက်မှုတွေ ကနေ ရွာတွေကို မကြာခဏ ကာကွယ်ပေးနေကြပါတယ်။
မေ ၆ ရက် ဗုဒ္ဓဟူးနေ့က ဘာမာကိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မာလီစစ်တပ် တပ်မှူး ဂျီဘရီလာ မိုက်ဂါက အဲဒီတိုက်ခိုက်မှုတွေအပြီး စစ်သွေးကြွတွေ အင်အားပြန်စုစည်းဖို့ ကြိုးစားနေကြတယ်လို့ ပြောပါတယ်။
ခြိမ်းခြောက်မှုကတော့ ရှိနေတုန်းပဲဆိုပေမဲ့ စစ်တပ်ဘက်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဟန့်တား နေတယ်လို့လည်း မိုက်ဂါက ထည့်ပြောသွားပါတယ်။
ဧပြီ ၂၅ ရက် တိုက်ခိုက်မှုတွေအပြီးမှာ မာလီတပ်ဖွဲ့တွေက ရာနဲ့ချီတဲ့ အကြမ်းဖက်သမားတွေကို ရှင်းလင်းနိုင်ခဲ့တယ်” လို့ မိုက်ဂါ က ပြောပါတယ်။
အစိုးရခေါင်းဆောင် အက်စီမီဂွိုက်တာကတော့ ဧပြီ ၂၈ ရက်မှာ နိုင်ငံပိုင်ရုပ်သံကနေ ပေါ်ထွက် လာပြီး မာလီနိုင်ငံရဲ့ အခြေအနေဟာ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
JNIM အဖွဲ့ကတော့ ပြီးခဲ့တဲ့အပတ်မှာ မြို့တော် ဘာမာကို ကို ပိတ်ဆို့ဖို့ ကြိုးစားမယ်လို့ ကြေညာ ခဲ့ပါတယ်။
Source:Reuters











