DVB Logo
Home
ဆောင်းပါး
သင်္ကြန်အမြောက် (သို့မဟုတ်) အယောင်ဆောင်သမ္မတ
DVB
·
April 15, 2026
သင်္ကြန်အမြောက် (သို့မဟုတ်) အယောင်ဆောင်သမ္မတ
Donate to DVB

“အမြောက်သံကိုလည်း ရွှေမြို့တော်က ပေးမြဲပေးစေ၊ ပြည်သူ ပြည်သားတို့ကိုလည်း ရွှေမြို့တော်မှ ရေဖျန်းပက်မြဲ ဖျန်းပက်ကြစေ။”

ဘိုးတော်ဘုရားလက်ထက် ၁၈၀၇ ခုနှစ်ဧပြီ လ ၄ ရက်ကထုတ်တဲ့ အမိန့်စာမှာပါတဲ့ ဖော်ပြချက်  ဖြစ်ပါတယ်။

ရှေးမြန်မာဘုရင်တွေလက်ထက်က သင်္ကြန်ချိန်ရောက်ပြီဆိုရင် နန်းမြို့တံခါး ၁၂ ရပ်က အခါတော်ကြား အမြောက် ၃ ချက်စီဖောက်ပြီး သင်္ကြန်ကျပြီဆိုတာ ပြည်သူ၊ ပြည်သားတွေကို အသိပေးတဲ့ အစဉ်အလာရှိခဲ့တာလို့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ “အမေ့ရှေးစကား” စာစုမှာလည်း ရေးသားထားပါတယ်။

သင်္ကြန်ပွဲဆင်နွှဲကြမဲ့ ပြည်သူ၊ ပြည်သားတွေအနေနဲ့ နန်းတော်ဆီက အမြောက်သံကို နားစွင့်စောင့်ဆိုင်းကြရတာဖြစ်ပြီး မြန်မာ့သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ အချက်ပေးစနစ်လို့ ဆိုနိုင်ပါတယ်။

ပစ်ဖောက်တဲ့အမြောက်က အန္တရာယ်မဖြစ်စေတဲ့ အဆန်မပါဘဲ အသံမြည်ရုံသက်သက်ဖြစ်လို့ “ဟန်သာရှိ အဆန်မရှိ” ဆိုတဲ့ ဆိုရိုးစကားက အဲဒီခေတ်ကာလကတည်းက ပေါ်ခဲ့တာဖြစ်ပါတယ်။

မရှိတာကို ရှိသယောင်၊ မပိုင်ဆိုင်တာကိုပိုင်သယောင် ကြွားဝါ၊ ဟန်ဆောင်တတ်လေ့ရှိသူတွေကို “သင်္ကြန်အမြောက်” ဆိုပြီး ခိုင်းနှိုင်းပြောဆိုကြလေ့ ရှိပါတယ်။

သင်္ကြန်အမြောက်ပစ်ဖောက်တဲ့အစဉ်အလာက ဘယ်တုန်းကရပ်သွားတယ်ဆို တပ်အပ် မသိရ​ပေမဲ့ အခုနှစ်ရဲ့ သင်္ကြန်မတိုင်ခင် ရက်ပိုင်းအလိုမှာတော့ မြန်မာပြည်သူတွေအနေနဲ့ သင်္ကြန်အမြောက်ကို မြင်တွေ့လာရပါတယ်။

အဲဒီသင်္ကြန်အမြောက်ကတော့ လူထုရဲ့ဆန့်ကျင်မှုနဲ့ မလိုလားမှုတွေ အကြီးအကျယ်ရှိနေတဲ့ကြားက သမ္မတနေရာအတင်းလုပ်ယူပြီး မော်ကြွားနေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။

ပြည်သူ့အစိုးရဆီက အာဏာကို လက်နက်အားကိုးနဲ့ လုယူကာ နိုင်ငံကို အဖတ်ဆယ်မရ​အောင် ဖျက်ဆီး​ပြီး​နောက်မှာ သမ္မတအဖြစ် သူ့ကိုယ်သူ အပ်နှင်းလိုက်တဲ့လုပ်ရပ်က သင်္ကြန်အမြောက်နဲ့ တထပ်တည်း ကျခဲ့ပါတယ်။

စစ်တပ်ရဲ့ အကြီးအကဲတယောက်ဖြစ်ပေမဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ သတ္တိရှိမနေဘဲ သမ္မတနေရာကို အခန့်သင့်ရယူခဲ့ပေမဲ့ တဖက်မှာတော့ ရွေးကောက်တင်မြှောက်ခံ သမ္မတဆိုပြီး အရှက်တရားမဲ့စွာ လက်ကိုင်သုံးနှုန်းနေခဲ့ပါတယ်။

သူ့အနေနဲ့ ပြည်သူ့အစိုးရကို မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ပုံဖျက်ပြောဆိုပြီး အာဏာသိမ်းလိုက်တာဖြစ်ပေမဲ့ ကိုယ်တိုင်ကျ ရွေးကောက်ပွဲဝင်စရာမလိုဘဲ သမ္မတဖြစ်လာတာ ထိုက်တန်လို့ဆိုပြီး ဝင့်ကြွားနေတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာဏာရှင်တွေထဲမှာ အကောက်ကျစ်ဆုံးနဲ့ မျက်နှာပြောင်အတိုက်ဆုံး သူတယောက်အဖြစ် ပြည်သူတွေရဲ့ သတ်မှတ်ထားတာခံထားရတဲ့ မင်းအောင်လှိုင်က သူ့​ရှေ့က စီနီယာအာဏာရှင် စစ်ခေါင်းဆောင်တွေရဲ့ နည်းလမ်းအသုံးပြုပြီး အာဏာဆုပ်ကိုင်ဖို့ အကွက်ချထားတာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်အတွက် သမ္မတဖြစ်လိုမှုက ပင်မရည်ရွယ်ချက်ဆိုပေမဲ့ အာဏာတည်မြဲဖို့နဲ့ နောက်ကျောလုံဖို့ဆိုရင် စစ်တပ်က သူ့ရဲ့ချုပ်ကိုင်မှုအောက်မှာ ရှိနေမှဖြစ်မယ်ဆိုတာ ကောင်းကောင်းကြီး သိနေပါတယ်။

အာဏာရှင်အစဉ်အဆက် ပေါက်ဖွား၊ မွေးထုတ်ပေးနေတဲ့ စစ်တပ်ကို လက်လွှတ်လိုက်ရင် ဖြစ်လာမဲ့ အကျိုးအဆက်က အကောင်းဘက်မှာရှိမနေဘဲ သံသရာတပတ်လည် ခံစားရဖို့ရှိနေတာ ဖြစ်ပါတယ်။

အာဏာရှင်ဟောင်းဦးသန်းရွှေက ပြန်မလှန်လောက်ဘူးဆိုပြီး ယုံယုံ ကြည်ကြည်နဲ့ ရှေ့က စီနီယာတွေကို ကျော်ပြီး မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးလွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာရှင်စိတ် သန္ဓေတည်နေတဲ့စစ်တပ်ဖြစ်လို့ ဘယ်သူ့ကိုမှ မယုံရဘူးဆိုတာကို စီနီယာအာဏာရှင် စစ်​ခေါင်း​ဆောင်ဦးသန်းရွှေကို တုံ့ပြန်အာခံခဲ့တဲ့ မင်းအောင်လှိုင်ရဲ့လုပ်ရပ်က သက်သေဖြစ်ပါတယ်။

ကနဦးအစမှာ ဦးသန်းရွှေရဲ့ လမ်းညွှန်မှုအောက်မှာရှိ​ခဲ့တဲ့ စစ်ခေါင်းဆောင်က အာဏာယစ်မူးမှု စွဲကပ်လာချိန်မှာတော့ သူ့ခြေ၊ သူ့လက်နဲ့ အရာရာကို ဦးဆောင်လွှမ်းမိုးလိုမှုနဲ့အတူ ဆရာဖြစ်သူကို ချောင်ထိုးဖို့ လုပ်လာပါတယ်။

တပ်ချုပ်ဟောင်းရဲ့ လက်ရင်းလူယုံတွေကို ရှင်းလင်းဖယ်ထုတ်ပြီး စစ်တပ်မှာ ဦးသန်း​ရွှေရဲ့ ​သြဇာ၊ အရှိန်အဝါပျောက်ကွယ်အောင် လုပ်ရင်း လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်သဖွယ် နေထိုင်စေတဲ့အထိ ပြုလုပ်ခဲ့ပါတယ်။

ပြန်မလှန်လောက်ဘူးအထင်နဲ့ စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ ဦးသန်းရွှေရဲ့ တွက်ကိန်းက အကြီး အကျယ်မှားသွားခဲ့သလို တဖက်မှာ ကိုယ်တိုင်ဖောက်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်အတွက် သူ့စိတ်နဲ့နှိုင်းပြီး နောက်လူတွေဆို ဘယ်သူ့ကိုမှ မယုံကြည်ရဲတော့ပဲ ဖြစ်သွားပါတယ်။

တပ်ချုပ်ရာထူးကို မစွန့်ဘဲ သမ္မတလုပ်ရင် ထောက်ပြစရာ ရှိလာမှာဖြစ်တဲ့အတွက် သူ့ရဲ့ အရိုက်အရာကို မဖြစ်မနေ လွှဲပေးကိုပေးရမဲ့ အနေအထားရှိလာချိန်မှာ သစ္စာပြန်ဖောက်မဲ့သူ မဖြစ်ရအောင် သတိကြီးကြီးထားရွေးရဖို့ လိုလာပါတယ်။

​နောက်ဆုံးတော့ စစ်ခေါင်းဆောင်က OTS အပတ်စဉ် ၇၇ ဆင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်ရာထူး လွှဲပြောင်းပေးလိုက်ပြီး သူကတော့ ရာဇပုလ္လင်ပေါ်တက်မဲ့ စိတ်ကူးအိပ်မက်ကို အပြီးသတ်ဖို့ ပြင်ပါတယ်။

စစ်​ခေါင်း​ဆောင်က တပ်ချုပ်ရာထူးကို သစ္စာမဖောက်နိုင်ဘူးလို့ ယုံကြည်ယူဆရတဲ့သူဆီ လွှဲအပ်လိုက်တယ်ဆိုပေမဲ့ သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ စစ်ဖက်အမြင့်ဆုံးအဆင့်ရာထူးကို မလိမ့်တပတ်နဲ့ ဆက်ယူထားခဲ့သေးပါတယ်။ အခုတော့ ဦးမင်းအောင်လှိုင်ဆိုပြီး ပြောင်းခေါ်နေပြန် ပါတယ်။ 

တပ်ချုပ်ဖြစ်လာသူက ဗိုလ်ချုပ်ကြီးအဆင့်မှာပဲရှိတာကြောင့် တာဝန်အားဖြင့်ပဲ လွှဲ ပြောင်းပေးတာဖြစ်ပြီး စစ်တပ်ပိုင်းရာထူးမှာ မင်းအောင်လှိုင်က အမြင့်ဆုံးရှိနေတဲ့သ​ဘော​ပဲ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် စစ်ခေါင်းဆောင်အနေနဲ့ သံသရာတပတ်လည်ပြီး ပြန်ခံရမှာကို စိုးရိမ်စိတ် အကြီးအကျယ်ရှိနေခဲ့တာဖြစ်လို့ စစ်တပ်ကို သူ့လက်အောက်မှာပဲ ဆက်ရှိနေအောင် ဖန်တီးယူထားတာလို့ ဆိုနိုင်ပါတယ်။

ဇာတ်တူသားစားဖို့ ဝန်မလေးတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အာဏာခုံမင်မှု သန္ဓေဆိုးက သူ့ကို အချိန်မရွေး ဒုက္ခပေးနိုင်တာသိနေတဲ့ မင်းအောင်လှိုင်က တပ်ချုပ်ကို စိတ်​ကြိုက်​ရွေးထားသည့်တိုင် အာဏာကုန်လွှဲအပ်ဖို့ ဝန်လေး​နေတာ ဖြစ်ပါတယ်။

အခုလို သူ့လက်အောက်မှာ စစ်တပ်ရှိနေသရွေ့ နောက်ဆံတင်းစရာမလိုဘဲ အာဏာဆုပ် ကိုင်ထားနိုင်မှာဆိုတဲ့ ယူဆချက်ကို အခိုင်အမာကိုင်ဆွဲထားပြီး စစ်ဘက်၊ အရပ်ဘက်နှစ်ခုလုံးရဲ့ ခေါင်းဆောင်အဖြစ် ရာသက်ပန်အာဏာရှင်စနစ်တည်ဆောက်ဖို့ ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

အခုတော့ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ဖြစ်တည်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက်ကို သူကိုယ်တိုင်လုပ်ယူထားပြီး အကွက်ချပုံဖော်ထားတဲ့အတိုင်း တဆင့်ချင်းဆက်သွားဖို့ရှိနေပါတယ်။

အရည်အချင်းမရှိဘဲ ပိုက်ဆံစိုက်ထုတ်ပြီး ကြည့်သူ ရှိရှိ၊ မရှိရှိ ကိုယ့်ဘာသာ မင်းသားတင်ရိုက်တဲ့ ရုပ်ရှင်ကားလို အာဏာသိမ်းစစ်ခေါင်းဆောင်က ခပ်ချာချာဇာတ်ကွက်သုံးပြီး သူ့ကိုယ်သူ သမ္မတခန့်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီလို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေး အိပ်မက်အတွက် ပြည်သူတွေရဲ့ ဘဝနဲ့ အနာဂတ်အိပ်မက်တွေ ရင်းနှီး​ပေးဆပ်ထားခဲ့ရတာလည်း​ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူရဲ့ ထောက်ခံမူနဲ့ရတာမဟုတ်ဘဲ အတင်းလုပ်ယူတဲ့ သမ္မတ ဖြစ်တာကြောင့် လက်တွေ့မကျတဲ့ အိပ်မက်အဖြစ်ပဲ ရှိနေမှာဖြစ်သလို အဆန်မပါတဲ့ သင်္ကြန်အမြောက်​ဖြစ်လို့ ​ပြည်သူတွေရဲ့အမြင်မှာ အထင်ကြီး​လောက်စရာ ရှိမ​နေပါဘူး။

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ သင်္ကြန်အမြောက်ရဲ့ အခန်းကဏ္ဍပျောက်ကွယ်ခဲ့ရသလို မပြီး​ပြတ်သေးတဲ့ တော်လှန်ရေးခရီးလမ်းအဆုံးမှာ အယောင်ဆောင်သမ္မတရဲ့ ကျရှုံးခန်းက ရောက်ကိုရောက်လာဦးမှာ သေချာပါတယ်။

မင်းမခ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013