တရုတ်အေးဂျင့်အဖြစ် တရားမဝင်ဆောင်ရွက်နေကြောင်း အမေရိကန်တရားရေးဌာန DoJ က စွပ်စွဲခဲ့ပြီးနောက် ကယ်လီဖိုးနီးယားတောင်ပိုင်း အာကေးဒီယားမြို့က မြို့တော်ဝန်တယောက် နုတ်ထွက်သွားပါတယ်။
အသက် ၅၈ နှစ်အရွယ်ရှိ အီလင်ဝမ်ဟာ အာကေးဒီယားမြို့ရဲ့ မြို့တော်ဝန်ဖြစ်ပြီး အပြစ်ရှိတယ်လို့ တရားရုံးမှာ သဘောတူခဲ့ပြီး တနင်္လာနေ့က ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ ဝမ်ဟာ အဲဒီပြစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမဲ့ အရေးနဲ့လည်း ရင်ဆိုင်ရဖွယ်ရှိပါတယ်။
ဝမ်ရဲ့ ရှေ့နေတွေက “ဝမ်က သူ့ပုဂ္ဂိုလ်ရေးဘဝအတွက် လုပ်ဆောင်ရင်း အမှားတွေလုပ်မိတာ ဖြစ်တာကြောင့် စိတ်မကောင်းဖြစ်နေပါတယ်။ ဒီအတွက် တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ညွှန်ကြားချက်တွေကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားသလို တရုတ်နဲ့ပတ်သက်တဲ့ ကောင်းသတင်းတွေကို ဝေမျှမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဝမ်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အာကေးဒီယားမြို့ကောင်စီဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ကောင်စီဝင် ၅ ယောက်က အလှည့်ကျ မြို့တော်ဝန်အဖြစ် ဆောင်ရွက်ရတာဖြစ်ပါတယ်။
DoJ ရဲ့ အဆိုရ ဝမ်ဟာ အမေရိကန်သတင်းဝက်ဘ်ဆိုက်လုပ်သူနဲ့ အတူအလုပ်လုပ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သတင်းဝက်ဘ်ဆိုက်ဟာ အာကေးဒီယားမြို့မှာနေတဲ့ တရုတ်အမေရိကန်တွေအတွက် သတင်းတွေကို ဖော်ပြတဲ့ဆိုက် ဖြစ်ပါတယ်။
အဲဒီဆိုက်မှာ ဖော်ပြမဲ့ ဆောင်းပါးတပုဒ်ကို တရုတ်အစိုးရတာဝန်ရှိသူ တယောက်ကို ဝမ်က WeChat ကနေ ပေးပို့ခဲ့တယ်ဆိုတဲ့ အထောက်အထားကိုလည်း DoJ က တင်ပြခဲ့ပါတယ်။
Source: Reuters











