DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားက ရေလုပ်သားများနေရပ်ပြန်နိုင်ရေး မြန်မာသံရုံး သွားရောက်ကူညီ
DVB
·
April 6, 2015
Donate to DVB

လူကုန်ကူးခံရပြီး ငါးဖမ်းလှေပေါ်မှာ ကျွန်သဖွယ်ခိုင်းစေခံခဲ့ရတဲ့ အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သားတွေ နေရပ်ပြန်လာနိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး သွားရောက်ကူညီပေးနေတယ်လို့ ဂျာကာတာအခြေစိုက် မြန်မာသံရုံးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဝေးလံသီခေါင်တဲ့ ကျွန်းတွေပေါ်မှာ နှစ်နဲ့ချီ ကျွန်သဖွယ်ဖမ်းဆီးခံထား ရတဲ့သူတွေထဲက မြန်မာနိုင်ငံသား အများစုပါဝင်တဲ့ ရေလုပ်သား ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဘန်ဂျီနာကျွန်းပေါ်ကို ပြန်လည်လွတ်မြောက်လာခဲ့ကြတာပါ။

ကယ်ဆယ်ခဲ့သူတွေအထဲမှာ မြန်မာနိုင်ငံသား ၂၅၇ ယောက်ပါဝင်တယ်လို့ အမ်ဘွန်ကျွန်းမှာ ကူညီပေးရေး ရှေ့ပြေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်နေတဲ့ မြန်မာသံရုံး ဒု-အကြီးအကဲ သံမှူးဦးကျော်စိုးသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဘန်ဂျီနားကျွန်းကနေ တူရယ်ကျွန်းကို ငါးဖမ်းလုပ်သား ၃၀၀ ကျော် ရွှေ့လိုက်ပြီ အင်ဒိုနီးရှား အစိုးရက၊ အဲဒီမှာ မြန်မာပါတယ်၊ လာအိုပါတယ်၊ ကမ္ဘောဒီးယားပါတယ်။ တူရယ်ကိုလည်း သွားမယ် ဘန်ဂျီနာကိုလည်းသွားမယ်။ အခုကျနော်တို့ ဒေသရဲနဲ့ တွေ့တယ်။ အမ်ဘွန်က ရဲဒုတိယအကြီးအကဲနဲ့ တွေ့တယ်။ လူကုန်ကူးမှု ကိုင်တာပေါ့နော်။ သူရှင်းပြပြီးတော့ မနက်ဖြန်ထွက်မယ့် အစီအစဉ် တိုင်ပင်နေကြတာ။ အကြမ်းဖျင်းက မနက်ဖြန် တူရယ်ကို သွားမယ်။”

မြန်မာရေလုပ်သားတွေ ဘယ်အချိန်မှာ ဘယ်လို နေရပ်ပြန်ပို့မယ်ဆိုတဲ့ အစီအစဉ်တွေ အသေးစိတ်ကို သိရှိရသေးပါဘူး။ လူကုန်ကူးခံရတဲ့ မြန်မာရေလုပ်သားတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး အဖွဲနဲ့  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့နေရာပြန်ချထားရေး စတဲ့အဖွဲ့တွေ ပါဝင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့လည်း မကြာခင် အင်ဒိုနီးရှားကို ရောက်လာဖို့ အစီအ စဉ်ရှိနေပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာသံမှူးဦးကျော်စိုးသိန်းက “အဲဒီမှာ အချက်အလက်တွေကောက်မယ် ကောက်ပြီးတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးဌာနကို အချက်အလက်နဲ့ ဓာတ်ပုံတွေ ပို့ပေးလိုက် ပြီးအဲဒါကို ဆင်းစစ်ပြီးရင် မှန်တယ် ဒါမြန်မာနိုင်ငံသားတွေလို့ ပြန်အကြောင်းကြားလာရင် ခရီးသွားလက်မှတ် ထုတ်ပေးလိုက်ပြီးတော့ လေယာဉ်လက်မှတ်နဲ့ မြန်မာပြည်ပြန်ပို့ဖို့လုပ်ပါတယ်။ ကျနော်တို့ အဓိက စိုးရိမ်တာက မြန်မာနိုင်ငံသား မဟုတ်တဲ့သူတွေကို ခရီးသွား အထောက်အထားလက်မှတ် ထုတ်ပေးပြီးတော့မှ မြန်မာနိုင်ငံထဲ ၀င်သွားမှာကို အဓိက စိုးရိမ်တယ်”လို့ ပြောပါတယ်။

ကျွန်းပေါ်ကို ပြန်ရောက်လာတဲ့ ငါးဖမ်းလုပ်သားတွေ ထဲက နာမကျန်း ဒဏ်ရာရသူတွေကိုတော့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါတယ်။

လူကုန်ကူးခံရတဲ့ ရေလုပ်သားတွေကို လှေ ၆ စီးနဲ့ ကယ်ထုတ်သယ်ဆောင်လာခဲ့တာဖြစ်ပြီး ပင်လယ်ပြင်မှာ တညအိပ် ၁၇ နာရီကြာ ဖြတ်သန်းလာပြီးနောက် ယာယီထိန်းသိမ်းရေး စခန်းကို ရောက်ရှိလာကြတာလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

ငါးဖမ်းသင်္ဘော ကပ္ပတိန်ရဲ့ သားဖြစ်သူရဲ့ ဓားနဲ့ခုတ်ခံခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် မြန်မာ ရေလုပ်သား အောင်အောင်က “ကျနော် အရမ်းပျော်ပါတယ်။ ကျနော် အိမ်ကိုပြန်ချင်နေတာ ကြာလှပြီ။ ကျနော်အိမ်ကို လွမ်းတယ်။ အထူးသဖြင့် ကျနော်ဓားနဲ့ခုတ်ခံရပြီး ကျနော်အဲဒီမှာပဲ သေမယ်လို့ ကြောက်နေခဲ့ရတာပါ”လို့ အေပီသတင်းကို ပြောပါတယ်။

ငါးဖမ်းလှေမှာ ၆ နှစ်လောက် လုပ်ကိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ဖုန်းမြင့်အောင်က လည်း ရုပ်ပိုင်းဆိုင်ရာရော နုတ်နဲ့ပါအဆက်မပြတ် နှိပ်စက်ခံခဲ့ရပြီး ဖျားနာတဲ့အခါမှာလည်း ဆေးဝါး မပေးခဲ့ဖူးလို့သူ့ရဲ့ အတွေ့အကြုံတွေကို မျက်ရည်ဝဲပြီးပြောပါတယ်။ “ကျနော်တကယ့်ကို မသိပါဘူး။ ကျနော်ပညာမသင်ခဲ့ရဘူး ကျနော့်မိဘတွေ အသက်ကြီးပြီ ကျနော်သူတို့နဲ့ အတူနေချင်တယ်”။

ထိုင်းအခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ် ကတော့ မြန်မာရေးလုပ်သားတွေဟာ အတော်လေးဆိုရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံ တွေ့ခဲ့ရသူတွေဖြစ်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။
“ပြီးခဲ့တဲ့ ၂ နှစ်လောက်က အင်ဒိုနီးရှား ရောက်ခဲ့တယ်။ အဲဒီမှာ အမ်ဘွန်ကျွန်းမှာရောက်နေတဲ့ ငါးဖမ်းလှေပေါ်က မြန်မာအလုပ်သမားတွေကလှမ်းပြီး အကူအညီတောင်းလို့ ကျနော်တို့ သက်ဆိုင်ရာ အင်ဒိုနီးရှားအစိုးရ၊ မြန်မာအစိုးရနဲ့ အိုင်အိုအမ် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပူးပေါင်းပြီး ကယ်ထုတ်ခဲ့သေးတယ်ခင်ဗျ။ မြန်မာနိုင်ငံသား ၂၀ ဦး ပေါ့၊ မြန်မာပြည်ကို ပြန်ပို့ပေးခဲ့တယ်။ အဲဒီတုန်းကလည်း သူတို့အခြေအနေ တော်တော်ဆိုးပါတယ်။ ပြဿ နာတွေက အများကြီးပဲ၊ လူကုန်ကူးလည်း ခံရတယ်။ ပြီးတော့ ကျွန်ပြုခံရတယ်။”
အမေရိကန် နိုင်ငံခြားရေးဌာနကတော့ လတ်တလောလွတ်မြောက်လာတဲ့ မြန်မာရေ လုပ်သားတွေ နေရပ်ကို ပြန်ပို့နိုင်ရေး အလျင်အမြန် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တောင်းဆို ထားပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့တော့ ဘန်ဂျီနာကျွန်းနဲ့ အနီးတ၀ိုက်မှာ နိုင်ငံခြားသား ၄ ထောင်လောက် လူကုန်ကူး ဖမ်းဆီးကျွန်ပြုခံနေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - အယ်လ်ဂျာဇီးယား
[gallery ids="88304,88305,88306,88307"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013