DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်ဖွဲ့စည်းရေးတောင်းဆိုလှုပ်ရှားမှုစတင်
DVB
·
April 6, 2015
ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်ဖွဲ့စည်းရေးတောင်းဆိုလှုပ်ရှားမှုစတင်
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရ ကြံခိုင်ရေးပါတီဝင်ဟောင်းတွေ ချည်းဖြစ်နေပြီး ဥပဒေအရတရားမ၀င်ကြောင်းနဲ့ ဒီကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းပေးဖို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့တာမွေမြို့နယ်မှာ မနေ့ ဧပြီလ ၅ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနဲ့အညီ အသစ်ပြန်လည် ဖွဲ့စည်းရေး ဟောပြောပွဲနဲ့ လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုကို ရန်ကုန်မှာ လုပ်ဆောင်ခဲ့ပါတယ်။

ပြည်သူ့လှုပ်ရှားမှု မြင်တင်ရေးကွန်ရက်ရဲ့ တွဲဖက်တာဝန်ခံ ကိုစိုးကျော်သူက “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းခဲ့တာက နောက်ဆုံး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေထွက်တဲ့ အချိန်မတိုင်မီကနေ ဖွဲ့စည်းခဲ့တာပါ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေက ၂၀၁၂ မတ်လထဲမှာ ထွက်ထားပြီးသားပါ။ အဲတော့ အသစ်ဥပဒေ ထွက်ထားတဲ့အတွက် အသစ်ဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရမယ့်နေရာမှာ ပြန်မဖွဲ့ဘဲ အရင် ဥပဒေအဟောင်းအတိုင်း ထားနေတဲ့ ကော်မရှင်ဖြစ်နေတဲ့အတွက် တရားမ၀င်ဘူး”လို့ ပြောပါတယ်။

မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ အကြောင်း ဟောပြောခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်ဦးကတော့ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန် မဖွဲ့စည်းရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရား မျှတမှုရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ဥပဒေမှာပြဌာန်းထားတာက လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရဘူး။ နိုင်ငံရေးပါတီဝင် မဖြစ်ရဘူး။ အဲတော့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးက တပ်မတော်အစိုးရမှာလည်း ထိပ်တန်းခေါင်းဆောင်၊ နောက်တခါ ဦးပိုင်မှာလည်း ဥက္ကဌ လုပ်ခဲ့ဖူးတယ်။ စစ်လက်နက်ဝ ယ်ယူရေးမှာလည်း တာဝန်ယူခဲ့တယ်။ သူက တံတားဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခံထားရတာလေ။ ၁၆၊ ၂၊ ၂၀၁၁ မှာ ပါတီနဲ့ လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်တယ်။ ၁၇ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ လုပ်တော့ ဒါ ဥပဒေကို လက်တလုံးကြားက လိမ်သလိုဖြစ်တာပေါ့ဗျာ။ အမှန်ကတော့ လွတ်ကင်းတယ်လို့ ဖြစ်ရမယ်။ နောက်တချက်က တရားစီရင်ရေးနယ်ပယ်နဲ့ ပတ်သက်တဲ့အတွေ့အကြုံ သူလုံးဝမရှိဘူး။ သူက ဘာနဲ့ရွေးတာလဲဆိုတော့ သမ္မတက ယုံကြည်သောသူ အဲဒါနဲ့ ရွေးထားတယ်။ နောက်ကော်မ ရှင်မှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခု ခရိုင် ၆၆ ခုနဲ့ မြို့နယ် ၃၅၀ ကော်မရှင်အကုန်လုံးမှာ အငြိမ်း စားဗိုလ်မှူးတွေနဲ့ ကြံ့ခိုင်ရေးက လူတွေချည်းပဲ ထည့်ထားတော့ ဒီရွေးကောက်ပွဲကြီးက တရား မျှတမှု ရှိမယ် မရှိဘူးဆိုတာတော့ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက အဖြေထွက်နေပြီဗျာ။”

ရန်ကုန် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကတော့ ဒီတောင်းဆိုကန့်ကွက်ချက်က ဆီလျော်မှုမရှိဘူးလို့ ပြောပါတယ်။

“နိုင်ငံတော် သမ္မတက နာမည်စားရင်းပေးတင်သွင်းထားပြီးတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ပုဂ္ဂိုလ်တွေက တရားမ၀င်ဘူးဆိုတာတော့ ဒါ သဘာဝမကျဘူး။ ကျနော်အနေနဲ့ကတော့ တရားဝင်ပါတယ်။ အငြိမ်းစားတပ်မတော်အရာရှိဆိုတာကတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တချိန်ချိန်မှာတပ်ကနေထွက်သွားရင်သူက တပ်ရဲ့အငြိမ်းစားတွေ ဖြစ်ကုန်တာပါပဲ။ အဲဒီလူတွေက ဒီလိုနိုင်ငံရေးလောက၀င်ခွင့်မရရတော့ဘူးလား။ ဒါ ကျနော်မေးချင်တယ်။ သူက တပ်အဖွဲ့အစည်းနဲ့ကင်းကွာသွားပြီ။ နောက်တခုက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီရာထူးကိုယူမယ်ဆိုရင် သူက ပါတီကလည်း နုတ်ထွက်ရတယ်။ နုတ်ထွက်ရတဲ့အတွက် သူသည် ပါတီဝင်လည်း မဟုတ်တော့ဘူး။ ဆိုတော့ ဥပဒေကြောင်းအရ ပြောလို့ရှိရင် တပ်နဲ့လည်း ကင်းရှင်းသွားပြီ။ ပါတီနဲ့လည်း ကင်းရှင်းသွားပြီ ဖြစ်သည့်အတွက် ဒါ သူတို့ရဲ့ ကန့်ကွက်ချက်က မဆီလျော်ဘူးလို့ပဲ ကျနော် မြင်ပါတယ်။”

ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်ကတော့ လာမယ့်လမှာလည်း ဒီလိုလက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ရှိပြီး သူတို့ ကောက်ခံရရှိထားတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့သွားဖို့ အစီအစဉ်ရှိနေပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ဧပြီလ ၃ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို တိုင်းရင်းသားတွေအများစုပါတဲ့ ကော်မရှင်အဖွဲ့ဝင် ၈ဦးနဲ့ ထပ်မံတိုးချဲ့ ခန့်အပ်ဖွဲ့စည်း လိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013