
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ကျေးရွာ ၃ ရွာလောက်ကို စစ်အာဏာရှင်တပ်က ဩဂုတ် ၂၀ ရက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဆင်တပ်ကျေးရွာကို ဗုံး ၂ လုံး၊ ရေလဲကျေးရွာကို ၁ လုံးနဲ့ ကျောက်တလုံးကျေးရွာကို ၁ လုံး လေယာဉ်ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။
မနေ့ညနေပိုင်းမှာလည်း ရွှေကူမြို့ မြို့လယ်ရပ်ကွက်ဖြစ်တဲ့ မော်လမြိုင် အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး တနှစ်အရွယ်ကလေး ကျန်ရစ်ခဲ့တယ်လို့ ရွှေကူဒေသခံက ပြောပါတယ်။
“ရွှေကူ မော်လမြိုင်ကွေ့အဲ့နားမှာ။ အဲနားမှာ မြစ်ကမ်းနားကို ကျတာ။ ကြဲတာက မနက်ပိုင်း ကတည်းက ဆင်တပ်ရွာအနီးနဲ့ ရေလဲနဲ့ ချောင်းဝ၊ ပြီးရင် မိုးတား ၇ မိုင်ဘက်၊ အဲ့ဘက်တွေက လူမရှိဘူးနေမှာ၊ ချောင်းဝကတော့ အမျိုးသမီးတယောက်သေတယ်။ တနှစ်အရွယ်ကလေး ကျန်တယ်။”
ရွှေကူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုရက်ပိုင်းအတွင်း ဆက်တိုက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်အာဏာရှင်တပ်တွေက ငါးအိုးမှာ စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာက လမ်းကြောင်းရှင်းသဘောမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
ဒေသခံတယောက်က “ငါးအိုးဘက်ကနေ သူတို့က စကားကုန်း၊ ညောင်ကုန်းဘက်မှာ သူတို့ အင်အားဖြည့်ထားတာ စစ်ကား အားလုံး ၂၀ ကျော်တဲ့၊ အရပ်သားကားတွေ အစီး ၄၀ လောက်တော့ ရှိမယ်တဲ့။ သူတို့ စစ်ရေးဖြည့်တင်းနေတာ။ မိုးတားဘက်ကနေ စင်ခန်းဘက်ကို ဖောက်မယ် ထင်တယ်။ အဲ့အတွက် လေယာဉ်ဗုံးနဲ့ ကြိုပြီး ရှေ့ပြေးရှင်းနေတဲ့ ပုံစံမျိုးပဲ။ ထိတွေ့မှုက မရှိဘူး ဒီအတိုင်းပဲ လေယာဉ်ဗုံးလိုက်ကြဲနေတာ”
ဩဂုတ် ၁၉ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွှေကူမြို့နယ် မြို့ကုန်းကျေးရွာ ပြည်သူ့ ဆေးရုံ ကို ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံနဲ့ ဆေးပစ္စည်းတွေ ပျက်စီး သွားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၁၁ နယ်မြေ ရွှေကူမြိုနယ်မှာ စစ်အာဏာရှင်တပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပေါင်း ၁၂ ကြိမ်ခန့်ဖြစ် ပွားခဲ့ပြီး စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရွှေကူမြိုနယ်အတွင်း စစ်အာဏာရှင်တပ်တွေဟာ ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်လာတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ ၃ လလောက်ကြာ ရှိနေပြီ ဖြစ်ပါတယ်။
ဟန်န











