DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်ရှိဟု အေအေပီပီ ဘီ ထုတ်ပြန်
DVB
·
April 4, 2015
Donate to DVB

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော် အကျဉ်းကျခံနေရပြီး ၃၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီ ဘီ က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ နိုင်ငံရေးအကျဉ်းသားများ လုံးဝ မရှိတော့ဘူးလို့ ပြောဆိုနေပေမယ့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့စာရင်း ဇယားတွေအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၇၂ ယောက်လောက် အကျဉ်းထောင်တွေမှာ ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၊ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းးသားတွေဟာ  လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတွေဖြစ်တယ်လို့ ပြောပါတယ်။

“အရင် ၂၀၁၃ အစိုးရက ဖွဲ့ထားတဲ့ နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီဆိုတာ ရှိတယ်၊အဲ့ဒီတုန်းက ကျန်တာက ၂၇ ယောက်ရှိတယ်၊ ပြီးတော့ ၂၀၁၄ နဲ့ ၂၀၁၅ ထဲမှာ ထပ် အဖမ်းခံထားရတဲ့  လူ့အခွင့်အရေးလှုပ်ရှားသူတွေ လယ်သမားအရေးကူညီပေးနေသူတွေနဲ့ လယ်သမားတွေ ဖြစ်ပါတယ်။”

လတ်တလော အမှုရင်ဆိုင်နေရတဲ့ အယောက် ၃၀၀ လောက်ဟာ လက်ပံတန်းကျောင်းသား သပိတ်စစ်ကြောင်း ဖြိုခွဲမှုအတွင်း အဖမ်းခံထားရတဲ့ ကျောင်းသား ၇၀ အပါအ၀င် ကျောင်းသား ၁၀၀ လောက် ပါဝင်ပြီး လယ်သမားနဲ့ လယ်သမားအရေးကူညီလုပ်ဆောင်ပေးနေသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၊ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားပြဿ  နာကို ဖြေရှင်းလိုစိတ် အားနည်းတယ်လို့ သုံးသပ် ပြောကြားပါတယ်။

“အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားပြဿ   နာကို ဖြေရှင်းလိုစိတ် အားနည်းတာပေါ့။ ၂၀၁၃ မတိုင်မီမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး လွတ်လာတယ်။ အစိုးရအနေနဲ့ ဂုဏ်သိက္ခာမြင့်တက်လာတာတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ဖြစ်လာတာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒီမျှော်လင့်ချက်တွေကို လက်ရှိ အစိုးရအနေနဲ့ ရိုက်မချိုးဖို့ လိုပါတယ်။ ရိုက်မချိုးဘဲနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သွားမယ်ဆိုရင် တိုင်းပြည်အတွက် ကောင်းတယ်ဆိုတာကို အစိုးရအနေနဲ့ သင်ခန်းစာ ယူသင့်ပါတယ်။”

နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးများအရ ထုတ်ဖော်ဆန္ဒပြခြင်းများအား ပုဒ်မ (၁၈)၊ (၁၉)၊ အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)၊ တောင်သူလယ်သမားများအား ပုဒ် ၄၄၇၊ ၄၂၇ အပါအဝင် မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်နေခြင်းကို မီးမောင်းထိုးပြတဲ့ အနေနဲ့ နိုင်ငံရေးအကျဉ်းသားများစာရင်းကို ထုတ်ပြန် ရခြင်းဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013