
အရေးပေါ်ဘတ်ဂျက် ထပ်မဖြည့်ပေးရင် စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချပစ်ရတာ ဒါမှမဟုတ် လုံးဝ ဖျက်လိုက်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က ဇူလိုင် ၂၁ ရက် လွှတ်တော်ကြားနာပွဲမှာ သတိပေးလိုက်ပါတယ်။
အမေရိကန်လွှတ်တော်ဘက်မှာလည်း တချို့ စစ်ဘက်ဆိုင်ရာဌာနတွေ မကြာမီ ဘတ်ဂျက် မလောက်မငဖြစ်လာမှာကို အတော်လေး စိုးရိမ်နေကြတာပါ။
ဆီးနိတ် လျာထားငွေစိစစ်ရေးကော်မတီမှာ ကာကွယ်ရေးဝန်ကြီး ဟဂ်ဆီသ်က သမ္မတ ဒေါ်နယ်ထရမ့်ပ် တောင်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ အမျိုးသားကာကွယ်ရေး အခြေခံဘတ်ဂျက်အပြင် ပင်တဂွန် (ကာကွယ်ရေးဝန်ကြီးဌာန) အတွက် ဒေါ်လာ ၈၇ ဒသမ ၆ ဘီလီယံ သီးသန့် အရေးပေါ် ဖြည့်စွက်ဘတ်ဂျက်ကို အမြန်ဆုံး အတည်ပြုပေးဖို့ လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။
အဲဒီ ဖြည့်စွက်ဘတ်ဂျက်ဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ စစ်ဆင်ရေး လိုအပ်ချက်တွေကို ဖြေရှင်းဖို့နဲ့ ခေတ်မီဆန်းသစ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ ရည်ရွယ်တာလို့ သူက ဆိုပါတယ်။
“သမ္မတ တောင်းဆိုထားတဲ့ ဒီ ၁ ဒသမ ၅ ထရီလီယံ ဆိုတာ အမေရိကန်ကို ကာကွယ်ဖို့ တကယ်လိုအပ်တဲ့ ပမာဏပါ။ ရေရှည် နည်းဗျူဟာမြောက် သာလွန်မှုကို ခဏတာ အရေးပေါ် ဖြည့်စွက်ဘတ်ဂျက်တွေလောက်နဲ့ပဲ ရအောင်လုပ်လို့ မရပါဘူး” လို့ ကာကွယ်ရေးဝန်ကြီး ဟဂ်ဆီသ်က ပြောသွားပါတယ်။
“ဒီ ဖြည့်စွက်ဘတ်ဂျက်မှာ ရည်ရွယ်ချက် ၂ ခုရှိနေတာဖြစ်ပြီး ဒီနှစ်ရဲ့ လိုအပ်ချက်အသစ်တွေကို ရင်ဆိုင်ဖို့မှာ စစ်တပ်ရဲ့ အသင့်ဖြစ်မှုကို ထိန်းသိမ်းထားဖို့နဲ့ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အရေးပေါ် အခြေအနေတွေမှာ သုံးခဲ့ရတာတွေကို အစားထိုးဖို့၊ ဖြည့်စွက်ဖို့အတွက် လိုအပ်တဲ့ အဓိက စွမ်းဆောင်ရည်တွေကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ဖြစ်တယ်” လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ပင်တဂွန်ရဲ့ ဖြည့်စွက်ဘတ်ဂျက် အစီအစဉ်မှာ စစ်တပ်အသင့်ဖြစ်မှုနဲ့ တပ်ဖွဲ့ဝင်စစ်သည်တွေရဲ့ လစာ၊ ရိက္ခာ လိုအပ်ချက်တွေအတွက် ဒေါ်လာ ၂၁ ဘီလီယံ၊ လက်နက်ဝယ်ယူရေးနဲ့ စက်မှုထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေးအတွက် ဒေါ်လာ ၄၆ ဘီလီယံ တောင်းခံရတာလို့ ဟဂ်ဆီသ်က ပြောပါတယ်။
အစည်းအဝေးမှာ လွှတ်တော်အမတ် ဆူဇန် ကောလင်းစ်က “အပိုဘတ်ဂျက် မရရင် ဘယ်လို စစ်ရေးလေ့ကျင့်မှုတွေ ဖျက်ရမဲ့ အန္တရာယ်ရှိလဲ” လို့ မေးတဲ့အခါ ဝန်ကြီး ဟဂ်ဆီသ်က “လိုချင်တဲ့ ဘတ်ဂျက်သာ အရေးပေါ် မရရင်တော့ လက်ရှိရော အနာဂတ်မှာပါ လုပ်ရမဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချရတော့မှာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
ဒါ့အပြင် အမတ် ခရစ်စတိုဖာ ကွန်းစ်က ပန်းတိုင်မရောက်ခင် ဘတ်ဂျက်တွေ ကုန်လွန်နေပြီး သမုဒ္ဒရာထဲမှာ သင်္ဘောတွေ လောင်စာဆီ ကုန်နေတာ၊ လေယာဉ်တွေ မပျံနိုင်ဘဲ ရပ်ထားရတာတွေ ရှိနေသလားဆိုပြီး ထုတ်ဖော်မေးမြန်းခဲ့တဲ့အပေါ် ဝန်ကြီး ဟဂ်ဆီသ်က သင်္ဘောတွေ ဆီကုန်နေတာမျိုး မဟုတ်ပါဘူး၊ စစ်မြေပြင်က စစ်သည်တွေ လိုသမျှကို အပြည့်အဝ ထောက်ပံ့ပေးထားပါတယ်လို့ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ စစ်တပ်တခုလုံးကို အဆင့်မြှင့်နေချိန်မှာ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမြန်ဆုံး ရရှိအောင် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ အခြေခံဘတ်ဂျက်ရော ဖြည့်စွက်ဘတ်ဂျက်ပါ မဖြစ်မနေ လိုအပ်တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
Source: Reuters











