DVB Logo
Home
Lead Story
ကံကြမ္မာတူ ပေါင်းစည်းသော အာရှအနာဂတ်သစ်
DVB
·
April 4, 2015
Donate to DVB

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်မှာ အာရှဒေသ စီးပွားရေးဆိုင်ရာအစည်းအဝေး ဘိုအာဖိုရမ်ကို မတ်လ နောက်ဆုံးရက်သတ္တပတ်မှာ ကျင်းပခဲ့ပါတယ်။

နှစ်စဉ် ကျင်းပတဲ့ ဒေသတွင်း အစည်းအဝေး ဖြစ်ပေမယ့် ဒီနှစ်မှာတော့ တရုတ်ရဲ့ မဟာ စီမံကိန်းခြေလှမ်းတွေ စလှမ်းချိန်နဲ့ တိုက်ဆိုင်နေလို့ ကမ္ဘာ့မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် ဘိုအာဖိုရမ်ရဲ့ ဆောင်ပုဒ်က  ကံကြမ္မာတူ ပေါင်းစည်းသော အာရှအနာဂတ်သစ် ဖြစ်ပါ တယ်။ ဒေသတွင်း နိုင်ငံတွေကြားမှာ လမ်းပန်းဆက်သွယ်ရေးနဲ့  ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့ အဓိက ဆွေးနွေးခဲ့ကြတာပါ။

[caption id="attachment_88310" align="aligncenter" width="607"]ဓာတ်ပုံ (ဘိုအာဖိုရမ် ၀က်ဆိုဒ်) ဓာတ်ပုံ (ဘိုအာဖိုရမ် ၀က်ဆိုဒ်)[/caption]

တရုတ်သမ္မတ ရှီကျင်ပင်းက“ကံကြမ္မာတူ ပေါင်းစည်းတဲ့ အနာဂတ်ဖြစ်ဖို့ဆိုရင် တနိုင်ငံနဲ့ တနိုင်ငံကြား မှာ လေးစားမှုနဲ့ တန်းတူရည်တူ ဆက်ဆံဖို့က အရေးကြီးပါတယ်။ တနိုင်ငံက တခြား တနိုင်ငံရဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်း၊ ရွေးချယ်မှု၊ အကျိုးစီးပွားနဲ့ စိုးရိမ်မှုတွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ကိုယ်နိုင် သူရှုံး အကြွင်း သုညကစားနည်း စိတ်ဓာတ်ကို စွန့်လွှတ်ပြီး သူနိုင်၊ ငါနိုင် ပူးပေါင်း ဆောင်ရွက်ကြမယ့် စိတ်ဓာတ်မျိုး ကို မွေးမြူဖို့ လိုပါတယ်”လို့ ပြောပါတယ်။

ဒါအပြင် အာရှနိုင်ငံတွေကြားမှာ  လွတ်လပ်သောကုန်သွယ်ရေးဇုန် ထူထောင်ဖို့ကိုလည်း တရုတ် သမ္မတ က ဆော်သြပါတယ်။ လက်တွေ့မှာလည်း တရုတ်အစိုးရဟာ အာရှမှာ စီးပွားရေး ကွန်ရက်ချဲ့ထွင်နေတာ အတော်ခရီးပေါက်နေပါပြီ။

[caption id="attachment_88311" align="aligncenter" width="616"]ဓာတ်ပုံ (ဘိုအာဖိုရမ် ၀က်ဆိုဒ်) ဓာတ်ပုံ (ဘိုအာဖိုရမ် ၀က်ဆိုဒ်)[/caption]

ဘိုအာ အစည်းအဝေးအကြိုမှာကတည်းက အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တရုတ်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက် ပြောခဲ့ပါတယ်။  ဒီနှစ်အတွင်း အခြေခံအဆောက်အဦ တည်ဆောက်ဖို့အတွက်  အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၄ ဘီလီယံ သုံးစွဲမယ်လို့ ဆိုပါတယ်။ ဒါဟာ အင်ဒိုနီးရှားအတွက် စံချိန်သစ် ဖြစ်ပါတယ်။

သမ္မတ ဂျိုကို ဝီဒိုဒိုက “ပင်လယ်ဆိပ်ကမ်းတွေ၊ သင်္ဘောတွေနဲ့ ငါးလုပ်ငန်းနဲ့ ဆိုင်တဲ့ အခြေခံအဆောက်အဦ ပိုင်းကို ပို အာရုံ စိုက်သွားမယ်။ အင်ဒိုနီးရှားအနေနဲ့ တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်ထားပါတယ်၊ ဖွံ့ဖြိုးရေးကို အရှိန်မြှင့်တင်ဖို့ နည်းလမ်းတွေ ရှာဖွေသွားပါမယ်”လို့ ပြောပါတယ်။

တကယ်တော့ အင်ဒိုနီးရှားလိုပဲ အာရှဒေသတခုလုံးမှာလည်း တရုတ်နဲ့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် ဖို့ အရှိန်မြှင့်နေကြပါတယ်။

ကမ္ဘာမှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မားဆုံးလို့ ဆိုနိုင်မယ့်  နိုင်ငံတကာ အဝေးပြေးလမ်းဖြစ်တဲ့ ကာရာကိုရမ်လမ်းမကြီးဟာ  တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၀ီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကာရှီနယ်မြေကနေ ပါကစ္စတန်မြောက်ပိုင်းက သာကော့တ်မြို့အထိ ဆက်သွယ် ဖောက်လုပ်ထားပါ တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အချောသတ်လိုက်ပြီ ဖြစ်လို့ ကုန်စည်စီးဆင်းမှုတွေ ပိုမိုမြန်ဆန် လာပါတော့မယ်။

[caption id="attachment_88312" align="aligncenter" width="623"]ဓာတ်ပုံ (ဘိုအာဖိုရမ် ၀က်ဆိုဒ်) ဓာတ်ပုံ (ဘိုအာဖိုရမ် ၀က်ဆိုဒ်)[/caption]

ဒီလိုပဲ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်မယ့် ကီလိုမီတာ ၈၀၀ ကျော် အရှည်ရှိတဲ့ ရထားလမ်း စီမံကိန်းလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက သဘောတူထားပြီးသားပါ။ အခုဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းအတွက် ပြင်ဆင်မှုတွေကို စလုပ်နေပါပြီ၊၊  အဲဒီ ရထားလမ်းပြီးသွားရင် ကီလိုမီတာ ၁၄၀၀၀ ကျော် ရှည်လျားတဲ့ အာရှရထားလမ်းကွန်ယက်ကြီးနဲ့ ချိတ်ဆက်မိ သွားပါလိမ့်မယ်။

လူမှုဖွံ့ဖြိုးရေးကျောင်း ထိုင်းအမျိုးသားဖွံ့ဖြိုးရေးဌာနက လက်ထောက်ပါမောက္ခ ကာရန်က “ထိုင်းနဲ့ အာဆီယံ၊ တရုတ်၊ ဥရောပတို့ကြားမှာ အရင်းအမြစ်တွေကို မျှဝေပေးခြင်းအားဖြင့် အားလုံးကိုယ်စီ အကျိုး ရှိကြမှာဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ ပထ၀ီ အနေအထားအရ အရေးပါမှုဟာလည်း လက်တွေ့ အကျိုးကျေးဇူးရှိတဲ့ အခြေအနေ ဖြစ်လာမှာပေါ့”လို့ပြောပါတယ်။

ဒီအတောအတွင်းမှာ တရုတ်နဲ့ ဗီယက်နမ်၊ တရုတ်နဲ့ မြန်မာ၊ တရုတ်-မြန်မာ-အိန္ဒိယ ရထားလမ်းတွေ ကလည်း ဆောက်လုပ်ဆဲ ဖြစ်ပါတယ်။

[caption id="attachment_88313" align="aligncenter" width="622"]BOAO forum 4 ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်)[/caption]

နယ်စပ်ဖြတ်ကျော် ဖောက်လုပ်ထားတဲ့ အဝေးပြေးလမ်း ၄ သွယ်ဟာလည်း တရုတ် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နဲ့ အရှေ့တောင်အာရှကြားမှာ လမ်းပန်း ဆက်သွယ်ရေး ဖြောင့်ဖြူးသွားဖို့ ရှိပါတယ်။ ခရီးလမ်း ဆက်သွယ်ရေး ကောင်းလာတာနဲ့ အမျှ တရုတ်၊ အာရှနဲ့ ကမ္ဘာကြီးတခုလုံး ပိုပြီး ပေါင်းစည်းသွားပါလိမ့်မယ်။

ဥရောပဘက်ကို ကြည့်ရင် ၂၀၁၄ ခုနှစ်အတွင်းမှာ တရုတ်နဲ့ ဥရောပကို ဆက်သွယ်တဲ့ ရထားလမ်းဟာ ခရီးစဉ်ပေါင်း ၃၀၀ ကျော် ပြေးဆွဲခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကထက် ၃ ဆလောက် ပိုများတဲ့သဘော ဖြစ်ပါတယ်။ ဒီလိုပဲ ၂၀၁၄ ခုနှစ်မှာ တရုတ်ပြည်မှာ နိုင်ငံတကာ လေကြောင်းလိုင်းအသစ် ၁၅၀ နီးပါး တိုးချဲ့ခဲ့ပါတယ်။ ဒါဟာလည်း ၂၀၁၃ ခုနှစ်ထက် ၆၀ ရာခိုင်နှုန်း နီးပါး ပိုများလာတာပါ။

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ခန့်မှန်းချက်အရ အာရှရဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၈ ထရီလီယံလောက် လိုအပ်ပါတယ်။  နှစ်စဉ် ဒေါ်လာ ၈၀၀ ဘီလီယံ ကုန်ကျမယ့် သဘော ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က ပံ့ပိုးပေးနိုင်တဲ့ ပမာဏက နှစ်စဉ် ဘီလီယံ ဒါဇင်တချို့လောက်ပဲ ရှိလို့ အမှန်တကယ် လိုအပ်ချက်ကို မကာမိ ပါဘူး။

[caption id="attachment_88314" align="aligncenter" width="618"]ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်) ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်)[/caption]

ဒီပြဿနာကို ဖြေရှင်းဖို့ တရုတ်က အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ) ကို မနှစ် အောက်တိုဘာလမှာ ထူထောင်ပါတယ်။ အာရှနိုင်ငံတွေ သာမက ကမ္ဘာ့တ၀ှမ်းလုံးက အားပေးထောက် ခံကြပါတယ်။

တရုတ်ဝန်ကြီး  လူဂျီဝေက “အေအိုင်အိုင်ဘီဘဏ်က ဒေသတွင်းမှာ အခြေခံ အဆောက်အဦး လုပ်ငန်းတွေကို အဓိက အာရုံစိုက်မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို အာရုံ စိုက်မှာ ဖြစ်သလို၊  တနယ်တကြောတလမ်းတသွယ် “One Belt, One Road"မူဝါဒကို အကောင်ထည်ဖော်ဖို့ ရည်ရွယ်ပါတယ်’”လို့ပြောပါတယ်။

One Belt, One Road  ဖွံ့ဖြိုးရေးမဟာဗျူဟာမှာတော့  ကုန်းကြောင်း၊ ပိုးလမ်းမကြီးနဲ့ ရေကြောင်းပိုးလမ်းမကြီး ဆိုပြီး လမ်း ၂ သွယ်ရှိပါတယ်။ ကုန်းကြောင်း  ပိုးလမ်းမကြီးဟာ တရုတ်နဲ့ ဥရောပအထိ ဆက်သွယ် မယ့်လမ်း ဖြစ်ပြီး အာရှအလယ်ပိုင်းနဲ့ အာရှ အနောက်ပိုင်းတွေကို ဖြတ်သွားပါတယ်။

၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီးကတော့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ အာဖရိကနဲ့ ဥရောပကို ဆက်သွယ်ပေးပါလိမ့်မယ်။  အဓိက ရည်ရွယ်ချက်ကတော့ တရုတ်အနေနဲ့  ဒေသတခုလုံးနဲ့သာမက ကမ္ဘာကြီးနဲ့ ပေါင်းစည်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

[caption id="attachment_88315" align="aligncenter" width="713"]ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်) ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်)[/caption]

တရုတ်သမ္မတ ရှီကျင်ပင်းက “ ဒီမူဝါဒကို တရုတ်နိုင်ငံက ကိုယ့်သဘောနဲ့ ကိုယ် တဖက်သတ် အကောင် ထည်ဖော်မှာ မဟုတ်ပါဘူး။ ရှိနှင့်နေပြီးသား ယန္တရားတွေကိုလည်း အစားထိုးဖို့ မဟုတ်ပါဘူး။ တကယ်တော့ ရှိနှင့်ပြီးသား အခြေခံအုတ်မြစ်ပေါ်ကနေပဲ နိုင်ငံ တနိုင်ငံချင်းအလိုက် ဖွံ့ဖြိုးရေးမဟာဗျူဟာတွေကို ထိထိ ရောက်ရောက် အကောင်ထည် ဖော်နိုင်အောင်၊ တနိုင်ငံချင်းအလိုက် အားနည်းတဲ့အပိုင်းကို အပြန် အလှန် အားဖြည့်ပေးပြီး လက်တွဲ ဆောင်ရွက်သွားဖို့ပါ”လို့ ပြောပါတယ်။

ပိုးလမ်းမ ၂ သွယ် စီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ သမ္မတ ရှီကျင်ပင်းက ကြေညာခဲ့တာပါ။ ဒီနှစ်ထဲမှာ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းနေတဲ့ အပိုင်းရှိသလို၊ လက်တွေ့ အကောင်အထည် ဖော်တဲ့အပိုင်း၊ ပြင်ဆင်နေ တဲ့ အပိုင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။

တကယ်တော့ တရုတ်ရဲ့ ပိုးလမ်းမ ၂ သွယ် စီမံကိန်းနဲ့ အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှပ်နှံမှု ဘဏ်တို့ဟာ အမေရိကန်ကို စိန်ခေါ်မှုအဖြစ် မီဒီယာတွေမှာ သုံးသပ်ရေးသား ကြပါတယ်။  ဒီဘဏ်ဟာ  အမေရိကန် ချယ်လှယ်နေတဲ့ ကမ္ဘာ့ဘဏ်နဲ့ ဂျပန်က ချယ်လှယ်နေတဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့နဲ့ အပြိုင်ဖြစ် လာနိုင်ပါတယ်။   အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေ အားလုံးနီးပါးဟာ အမေရိကန်ကို နောက်ချန် ထားခဲ့ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စောစောစီးစီးပဲ စာရင်းပေးလိုက်ကြပါတယ်။

တရုတ်က ဦးဆောင်ပုံဖော်နေတဲ့ အာရှအခြေခံ အဆောက်အဦ  ရင်းနှီးမြှပ်နှံမှုဘဏ်နဲ့ ပတ်သက်ပြီး  အာရှ အဖွဲ့အစည်း ဒုဥက္ကဋ္ဌ တွမ် နာဂါစကီက  “အလျော့အတင်းတော့ လုပ်သင့်တယ်လို့ မြင်တယ်လေ။ အာရှမှာ အမှန်တကယ် လိုအပ်နေတဲ့ ချေးငွေပမာဏကို ကမ္ဘာ့ဘဏ်က ထုတ်ချေး မပေးနိုင်ဘူးဆိုရင် တရုတ်က ၀ိုင်းဖြည့်ပေးမယ့်ကိစ္စကို ခွင့်ပြု သင့်တာပေါ့”လို့ ထင်မြင်ချက်ပေးပါတယ်။

[caption id="attachment_88316" align="aligncenter" width="612"]ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်) ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်)[/caption]

နိုင်ငံတကာ စီးပွားရေးပညာရှင် စီပရတ်ဘာ့ဂ်စတန်ကလည်း “နောက်ဆုံးကျရင် အမေရိကန်က မဖြစ်မနေ ပူးပေါင်းပါဝင်ရမယ်လို့ ထင်တယ်။ အမေရိကန်သမိုင်းမှာ အခုလို နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အဖွဲ့အစည်းမှာ မပါဝင်တာဟာ မူမှန်မဟုတ်ဘူး။ မျက်နှာ မပျက်အောင်တော့ ၁ နှစ်၊ ၂ နှစ်လောက်တော့ အချိန်ယူကောင်း ယူနိုင်တာပေါ့။ ဆုံးဖြတ်ချက်ကို ပြန်ပြင်ရမှာ မဟုတ်လား။ နောက်အစိုးရတက်တဲ့အချိန် အထိ စောင့်တာ လည်း ဖြစ်ချင်ဖြစ်မှာပဲ။  ဒါပေမယ့် အမေရိကန်က မဖြစ်မနေ ၀င်ပေါင်းသွားမယ်လို့ ထင်ပါတယ်။”လို့ သုံးသပ်ပါတယ်။

အာရှ အခြေခံအဆောက်အဦ  ရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ)ကို ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရှိလာဖို့  ရည်မှန်းထားတာပါ၊ ကနဦး ဒေါ်လာဘီလီယံ ၅၀ နဲ့ စတင်တဲ့အခါ အများစုကို တရုတ်က ထည့်ဝင်မှာ ဖြစ်ပြီး တခြားနိုင်ငံတွေကိုလည်း အဖွဲ့ဝင်တွေအဖြစ် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီနှစ်ကုန်လောက်မှာ လုပ်ငန်းလည်ပတ်နိုင်ဖို့ ရည်မှန်းထားတာပါ။

မတ်လကုန် အထိ အေအိုင်အိုင်ဘီဘဏ် ထူထောင်သူအဖြစ် ပါဝင်ဖို့ စာရင်းပေးထားတဲ့ နိုင်ငံပေါင်း ၄၀ ကျော် ရှိပါတယ်။ အဲဒီထဲမှာ အာရှက အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားလည်း ပါဝင်ပါတယ်။

တောင်ကိုရီးယား မဟာဗျူဟာနဲ့ ဘဏ္ဍာရေးဌာနက ချိုဟီနမ်းက “သက်ဆိုင်ရာ ၀န်ကြီး ဌာနတွေနဲ့ အနီး ကပ် ဆွေးနွေးပြီးတော့ အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်မှာ အဖွဲ့ဝင် အဖြစ် လျှောက်ထား ဖို့ မတ် ၂၇ ရက်က ဆုံးဖြတ်လိုက်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း တရုတ်ဘက်က တာဝန်ရှိသူတွေ ကိုလည်း အကြောင်းကြား ထားပြီးပြီး”လို့ ပြောပါတယ်။

တောင်ကိုရီးယားအစိုးရအနေနဲ့  အင်အားကြီးနိုင်ငံတွေနဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်သလို၊  ဒီကိစ္စနဲ့ ပတ်သက်လို့ တခြား လိုအပ်တဲ့ ကိစ္စတွေကိုလည်း ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

[caption id="attachment_88317" align="aligncenter" width="608"]ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်) ဓာတ်ပုံ (ဘိုအာ ဖိုရမ် ၀က်ဆိုဒ်)[/caption]

တချို့အဖွဲ့ဝင် နိုင်ငံတွေကတော့ တရုတ်ရဲ့ မတည်ငွေ များတာကြောင့် ဗီတို အာဏာ ကိုင်ထားမှာကို စိုးရိမ်တာ လည်း ရှိပါတယ်။  ဒါပေမယ့် Wall Street သတင်းတပုဒ်မှာ တော့ အဖွဲ့ဝင်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် တရုတ်က ဗီတိုအာဏာကို လက်လွှတ်မယ်လို့  ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့  ဗီတိုအာဏာကိစ္စကို အပြတ် မပြောပါဘူး။

အမေရိကန်က ဘဏ်အသစ်ရဲ့ စည်းမျဉ်းစည်းကမ်းကိစ္စကို သတိပေးနေပေမယ့် ဥရောပ မဟာမိတ်တွေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့ကလည်း တရုတ် ဦးဆောင်တဲ့ဘဏ်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်မယ် လို့ ကြေညာခဲ့ပါတယ်။

တရုတ်ရဲ့ အာရှအခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်ဟာ အမေရိကန်က ပုံဖော်နေတဲ့ အာရှနဲ့ ပစိဖိတ်ဒေသ လွှမ်းမိုးရေးပေါ်လစီကို ထိုးနှက်ချက်ဖြစ်နိုင်တယ်လို့ လည်း ရှုမြင်ကြပါတယ်။

တရုတ်မျှော်မှန်းတဲ့  ကံကြမ္မာတူ ပေါင်းစည်းတဲ့ အာရှအနာဂတ်သစ်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိ လာမလဲဆိုတာကတော့  အများက အဖြေသိချင်တဲ့  ပုစ္ဆာတပုဒ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013