DVB Logo
Home
Lead Story
ရဲက ပြည်သူကို ရက်ရက်စက်စက်ရိုက်တာ တရားဥပဒေအတိုင်းလား
DVB
·
April 4, 2015
ရဲက ပြည်သူကို ရက်ရက်စက်စက်ရိုက်တာ တရားဥပဒေအတိုင်းလား
Donate to DVB

အကြမ်းဖက်ဝါဒနဲ့ ပတ်သတ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့ ဒုတိယ ကမ္ဘာစစ်ပြီးသည့်နောက် တွင်တွင်ကျယ်ကျယ် မသတ်မှတ်နိုင်သေးပေ။ ယခင်က နိုင်ငံခေါင်းဆောင်များ၊ ဘုရင်များ၊ သမ္မတ၊ ဝန်ကြီးချုပ် စသည်တို့ကို လုပ်ကြံသတ်ဖြတ် သည်များသာ ရှိပြီး ထိုသို့ ပြုလုပ်သည်ကို မင်းမဲ့စရိုက်၊ မင်းမဲ့ဝါဒဟုသာ သတ်မှတ်ခဲ့၏။  ထိုအနေအထားကို အကြမ်းဖက်ခြင်းဟု မသတ်မှတ်ခဲ့ပေ။ နိုင်ငံရေးအရ သဘောထားမတူသော ကြောင့် လက်နက်စွဲကိုင်သည့် တော်လှန်ရေးများ ဖြစ်ပေါ်လာသည်။  အစိုးရက ချေမှုန်းခဲ့သောကြောင့် တော်လှန်ရေးများလည်း အားကောင်းမောင်းသန် မရှိတော့ပေ။ ထိုအချိန်မှစပြီး မနိုင်နိုင်ရာကိုင်ကာ အင်အားကောင်းသူကို အင်အားနည်းသူက ရသည့်နည်း၊ ဖြစ်သည့်နည်းဖြင့် တရားသည်၊ မတရားသည်။ မှန်သည်၊ မှားသည်ဟု သဘောမထားတော့ပဲ ဖြစ်သည့်နည်းဖြင့် ပြန်လည် တိုက်ခိုက်လာပါတော့သည်။ ပါလက်စတိုင်းတို့က အင်အားကွာခြားသော အစ္စရေးတို့ကို စစ်မြေပြင်၌ အနိုင်မတိုက်နိုင်သည့် အခြားတွင် အစ္စရေးများ၊ ဂျူးများ၊ အစ္စရေးကို ထောက်ခံသော အမေရိကန်များစသည့် ဆန့်ကျင်ဘက်များကို ပြန်ပေးဆွဲခြင်း၊ ဗုံးခွဲခြင်း စသည့်ဖြင့် လူမျိုးလိုက်လုပ်ခဲ့ကြသည်။

လက်ဘနွန်တွင် အမေရိကန်စစ်စခန်းကို အသေခံဗုံးခွဲကာ တိုက်ခိုက်ခြင်းကြောင့် အမေရိကန်စစ်သား ၂ဝဝ ကျော် သေဆုံးခဲ့သည်မှစ၍ အကြမ်းဖက်မှုများ စတင်ခဲ့လေသည်။ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုမှာ ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာ ၁၁ရက်နေ့ က အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို အကြမ်းဖက် တိုက်ခိုက်လိုက်သည်မှစ၍ ကမ္ဘာကြီးတွင် ကမ္ဘာ့ပြည်သူများနဲ့ အကြမ်းဖက်သမားတို့၏ တိုက်ပွဲကြီး ဖြစ်လာပြီဟု အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်က ပြောကြားခဲ့လေသည်။

ထိုအချိန်မှစပြီး အကြမ်းဖက်မှုများသည် ယနေ့ခေတ်တွင် ကမ္ဘာကြီးကို အကြီးအကျယ် အန္တရာယ်ပြုလာကာ လွှမ်းမိုးချုပ်ကိုင်လာသည့် အခြေအနေသို့ပင် ရောက်ရှိလာပါသည်။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရင်း အကြမ်းဖက်ဝါဒ၏ တိုက်ခိုက်ခြင်းကို ခံရသော နိုင်ငံကြီးများသည် လက်တုံ့ပြန်မှုများလည်း ဖြစ်ပေါ်လာသည်။ ထိုအချိန်က အကြမ်းဖက်ထိပ်သီး အဖွဲ့အဖြစ် အယ်လ်ကေဒါအဖွဲ့နဲ့ သူတို့၏ ခေါင်းဆောင် အိုစမာဘင်လာဒင်မှာ သမိုင်းတွင် တွင်ကျန်ခဲ့၏။

နယူးယောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက စစ်ကြေညာကာ အာဖဂန်နစ္စတန်ကို ဝင်ရောက်တိုက်ခိုက်သည်။ အီရတ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ပြန်သည်။ ထိုအချိန်မှစ၍ လက်တုံ့ပြန် လက်စားချေခြင်းများ ပေါ်ပေါက်လာကာ အကြမ်းဖက် သမားများကလည်း အမေရိကန်ကို ဗဟိုပြု၍ ဥရောပနိုင်ငံများကို အကြမ်းဖက် တိုက်ခိုက်ခဲ့ ကြလေသည်။ အကြမ်းဖက်ဝါဒဆိုတာဘာလဲ အကြမ်းဖက်မှုဆိုသည်မှာ ဘာလဲဆိုသည့် မေးခွန်းများ ပေါ်ပေါက်လာရပါသည်။ ပါလက်စတိုင်းများနဲ့ အတူ အစွန်းရောက် မွတ်စလင်များမှာ အကြမ်းဖက်သမားများ ဖြစ်လာကြ၏။

အာဖဂန်နစ္စတန်တို့၊ အီရတ်တို့ကို အမေရိကန်က ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခြင်းမှာလည်း  အကြမ်းဖက်မှု မဟုတ်ဘူးလားဆိုသည့် မေးခွန်းပေါ်လာသလို နိုင်ငံတော်အကြမ်းဖက်မှုဆိုသည့် ဝေါဟာရလည်း ပေါ်လာလေသည်။ နိုင်ငံတော် အကြမ်းဖက်မှုကို သုံးသပ်ရမည်ဆိုလျှင် အစိုးရအဖွဲ့က မိမိတို့နိုင်ငံသူ နိုင်ငံသားများကို အဓမ္မအနိုင်ကျင့် သတ်ဖြတ်သည်ကို နိုင်ငံတော်အကြမ်းဖက်မှုဟု သတ်မှတ်ကြသလို အင်အားနည်းသောနိုင်ငံကို အင်အားကြီးသောနိုင်ငံက ဝင်ရောက်တိုက်ခိုက်ခြင်းကိုလည်း သတ်မှတ်လေသည်။

ဟစ်တလာက ဂျာမနီပြည်သူများကို မတရားနှိပ်စက်အနိုင်ကျင့်ခြင်း၊ ဂျူးလူမျိုးများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းများကို နိုင်ငံတော်အကြမ်းဖက်မှုဟု ဆိုနိုင်သလို စတာလင်က ရုရှားပြည်သူများကို ဖိနှိပ်သတ်ဖြတ်မှု၊ ကမ္ဘောဒီးယားတွင် ခမာနီများ သတ်ဖြတ်မှုများလည်း ပါဝင်သည်။ ဗီယက်နမ်တွင် ပြင်သစ်တို့ အုပ်ချုပ်စဉ်က မတရားညှင်းပန်း နှိပ်စက်ခဲ့မှုများ၊ အမေရိကန်တို့၏ နပန်းဗုံးများ အပါအဝင် ပြင်းထန်သော လက်နက်များသုံးကာ မျိုးတုံးသည်အထိ သတ်ဖြတ်ခဲ့မှုများလည်း နိုင်ငံတော်အကြမ်းဖက်မှုတွင် ပါဝင်လေသည်။

ချီလီတွင် အာဏာရှင် ဗိုလ်ချုပ်ကြီးပီနိုချေးက ၁၇ နှစ်ကြာအောင် တိုင်းပြည်အာဏာကို သိမ်းပိုက်ယူကာ တရားဥပဒေအရ ရုံးတင်တရားစွဲခြင်း မပြုပဲ ချီလီပြည်သူ ၃ဝဝဝ ကျော်ကို ခေါ်ယူကာ သတ်ဖြတ်ခဲ့မှုမှာလည်း နိုင်ငံတော်အကြမ်းဖက်မှု ဖြစ်လေသည်။ ထိုသည်ကို အာဏာရှင်နိုင်ငံများတွင် အများဆုံးကျင့်သုံးကာ ဒီမိုကရေစီနိုင်ငံများတွင်မူ အလွန်နည်းသည်။ စစ်အာဏာရှင်နိုင်ငံများတွင်မူ  အဆိုးဝါးဆုံး ဖြစ်ကာ ထိပ်ဆုံး၌ ပါဝင်သောနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်လေသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြီးနဲ့ အတူ၊ စစ်အာဏာရှင်စနစ်နဲ့ အတူ နိုင်ငံတော် အကြမ်းဖက်မှုမှာ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရလေသည်။ ပြည်တွင်းစစ်ကြီးတွင် စစ်ပွဲ၏ သဘာဝအတိုင်း အမှန်အမှား၊ တရားခြင်း၊ မတရားခြင်း မရှိပဲ အင်အားကြီးသောအဖွဲ့က အင်အားနည်းသောအဖွဲ့ကို သုတ်သင်ရှင်းလင်းရင်း ပြည်သူများမှာ မြေစာပင်ဖြစ်ခဲ့ရလေသည်။

အင်အားတောင့်တင်းသောအဖွဲ့မှာ အစိုးရဘက်မှ ဖြစ်သောကြောင့် လူမျိုးမတူညီသော သူများကို သတ်ဖြတ်ခြင်းများ ဖြစ်လာသည်။ ထိုစဉ်က ကရင် - ဗမာ အဓိကရုဏ်း ဖြစ်လာခဲ့ပါသည်။ အင်အားတောင့်တင်းသော ဗမာစစ်တပ်များက ကရင်လူမျိုးများကို သတ်ဖြတ်သကဲ့သို့ ကရင်များကလည်း ဗမာရွာများသို့ ဝင်ကာ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ ကြပါသည်။ အသိသာဆုံးနဲ့ အဆိုးဝါးဆုံးမှာ ၁၉၆၂ ခုနှစ်က အာဏာသိမ်းလိုက်သော စစ်ကောင်စီသည် အာဏာသိမ်းပြီး ၄ လအကြာ၌ တက္ကသိုလ်ကျောင်းသားများကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုမှာ မြို့တော်ရန်ကုန်တွင် အရုပ်အဆိုးဆုံး အကြမ်းဖက်မှုကြီးဖြစ်ခဲ့၏။

ထိုအချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီသည် သူတို့၏ သေနတ်ပြောင်းများကို ပြည်သူဘက် ချိန်ရွယ်ကာ နိုင်ငံတော်ပုန်ကန်မှုများကို ပြုလုပ်ခဲ့လေသည်။ အထူးသဖြင့် လက်နက်မဲ့ လူထုကို လက်နက်ကိုင်စွဲထားသော စစ်တပ် သို့မဟုတ် ရဲများက ပစ်ခတ် သတ်ဖြတ်ခြင်းသည် နိုင်ငံတော် အကြမ်းဖက်မှု မြောက်လေသည်။

စစ်အာဏာရှင်လမ်းကြောင်းလျှောက်လှမ်းနေသော အစိုးရလက်ထက်တွင် ထိုလုပ်ရပ်ကို တရားစွဲရန် ခက်ခဲသော်လည်း ဒီမိုကရေစီ စိုးမိုးလာသော ကမ္ဘာကြီးတွင် ထိုသို့လုပ်ရပ်ကို နိုင်ငံ တကာက ကြည့်မနေပဲ ကမ္ဘာ့ရာဇဝတ်တရားရုံးများတွင် တရားစွဲဆိုခဲ့သည်ကို တွေ့ရ၏။ ဘော့စနီးယား - ဟာဇီဂိုဗီးနား လူမျိုးတုံးသတ်ဖြတ်မှုများကို ကမ္ဘာ့ရာဇဝတ်တရားရုံးများတွင် တရားစွဲဆို အပြစ်ပေးခြင်းများပင် ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အကြမ်းဖက်မှုများ၊ အလုပ်သမားအရေးအခင်း၊ ဦးသန့် အရေးအခင်းတို့တွင် သတ်ဖြတ်ခဲ့မှုများ၊ ဖမ်းဆီး၍ ထောင်ထဲတွင် ပြည့်သိပ်နေအောင်ထည့်ကာ ညှင်းပန်း နှိပ်စက်မှုများမှာလည်း ထင်ရှားခဲ့သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကာလက ပြည်သူကို ရက်စက်စွာ သတ်ဖြတ်ခဲ့လေသည်။ အရေးတော်ပုံကို အာဏာသိမ်းပြီး ဖြိုဖျက်ခဲ့စဉ်ကလည်း လူ ၃ဝဝဝ၊ ၄ဝဝဝ လောက်မှာ လမ်းများပေါ်၊ အိမ်များပေါ် သွေးချောင်းစီးကာ အသက်ပေးသွားရလေသည်။ ထိုနိုင်ငံတော် အကြမ်းဖက်မှုကို ယခုအထိ အပြစ် မပေးနိုင်ခဲ့သေးပေ။ နူရင်ဘာ့ဂ်စစ်ခုံရုံးလိုဖွဲ့ကာ ၈၈ အရေးတော်ပုံတွင် တာဝန်ရှိသော သူများကို အပြစ်ပေး အရေးယူရမည်မှာ မြန်မာပြည်သူများတွင်ရော၊ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံ များတွင်ပါ တာဝန်ရှိလေသည်။

နိုင်ငံတော်အကြမ်းဖက်မှုကို ကျင့်သုံး ဖြိုခွဲရာတွင် တရားဥပဒေမဲ့စွာ တရားရုံး၏ ရှာဖွေ ဝရမ်းမပါ၊ ဖမ်းဆီးခွင့်ဝရမ်း မပါပဲ ညနက်သန်းခေါင် လူအများအပြားကို တုန်လှုပ် ချောက်ချားလောက်အောင် ဝင်ရောက် ဖမ်းဆီးခြင်းလည်း ပါသည်။ ပြည်သူအစုအပြုံလိုက်ကို ဖမ်းဆီး နှိပ်စက်ခြင်းများလည်း ပါသည်။ ထိုသည်ကို ဗိုလ်နေဝင်းစစ်အစိုးရ၊ မဆလ တပါတီအစိုးရတို့ခေတ်၌ ကျူးလွန်ခဲ့သလို ဗိုလ်သန်းရွှေစစ်အစိုးရခေတ်၌လည်း ကျူးလွန်ခဲ့ လေသည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းဟုခေါ်သော သံဃာတော်များ၏ ကံဆောင်ပွဲများကို ဖြိုခွဲခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း၊ ဂျပန်သတင်းထောက် ကန်ဂျီ နာဂါအီလို သတင်း သမားမျိုးကိုလည်း သေနတ်ဖြင့် ပစ်သတ်ကာ အပြစ်ကျူးလွန်ခဲ့သည်။ စစ်အစိုးရခေတ်က ရက်စက် ရမ်းကားမှုများ ဖြစ်လေသည်။ ထိုအဖြစ်အပျက်များမှာ ကမ္ဘာ သိလူသိရှင်ကြား အဖြစ်အပျက်များ ဖြစ်၏။ စစ်ဖိနပ်ဖြင့် နင်းချေကာ သေနတ်ဖြင့် ချိန်၍ စစ်အာဏာရှင်တို့သည် သူတို့ ရေးဆွဲသော ၂ဝဝ၈ ဖွဲ့စည်းပုံကို အတင်းအဓမ္မ ထောက်ခံခိုင်းခြင်းသည် စစ်အာဏာရှင်များအတွက် တချိန်ချိန်တွင် အမှန်အတိုင်း ဖြေရှင်းပေးရမည့် ပြစ်မှုများ ဖြစ်ပါသည်။

ယခု အေဘီအက်စ်ဒီအက်ဖ်လို ကျောင်းသားအဖွဲ့ကပင် အမှန်တရားဖော် ထုတ်ရေးအဖွဲ့ များ ဖွဲ့စည်းကာ တရားခံကို ဖော်ထုတ်ကြလေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို လူထုသဘောထား ကောက်ခံစဉ်က ယခုအစိုးရသည် လူထုက ရွေးကောက်သော အစိုးရမဟုတ်ဆိုသည်ကို သိထားဖို့ လိုပါသည်။ ဒီမိုကရေစီကျ သော ရွေးကောက်ပွဲများ၊ လူထုဆန္ဒပေးခြင်းများ မဟုတ်ပေ။ သူတို့ ရေးဆွဲသော ၂ဝဝ၈ ဖွဲ့စည်းပုံကို ဝေဖန်လျှင် ထောင်တသက်တကျွန်း ကျနိုင်သည်ဟု ခြိမ်းခြောက် ခံရသောကာလတွင် ဒီမိုကရေစီကျသော ရွေးကောက်ပွဲ ဖြစ်သည်ဟုဆိုလျှင် ထိုသို့ လက်ခံသူများမှာ ဒီမိုကရေစီကို လက်မခံသူများသာ ဖြစ်လေသည်။ ဒီမိုကရေစီ မကျသော အစိုးရ အောက်မှ မည်သည့်ရွေးကောက်ပွဲမဆို တရားမျှတမှု ရှိမည် မဟုတ်ပေ။

ထို့နောက် စစ်အစိုးရက ဦးဆောင်ကာ ပါတီစုံရွေးကောက်ပွဲဆိုသည်ကို ကျင်းပ ပါတော့သည်။ ထို ပါတီစုံရွေးကောက်ပွဲ ဒီမိုကရေစီကျ၊ မကျကို အထွေအထူး ဝေဖန်နေစရာ မလိုပေ။ နောက်အစိုးရသစ်တက်လာသည်။ အစိုးရသစ်၏ သက်တမ်းနောက်ဆုံးနှစ် ကာလတွင် ကျောင်းသားတို့၏ ဒီမိုကရေစီပညာရေးတောင်းဆိုမှု ပေါ်ပေါက်လာသည်။ ကျောင်းသားတို့၏ ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းအား လက်ပံတန်းတွင် မတ်လ ၁ဝ ရက်နေ့က ဖြိုခွဲမှုသည် နိုင်ငံတော်အကြမ်းဖက်မှုတခု ဖြစ်ကြောင်း ငြင်းပယ်၍ မရပေ။ လက်နက်ဆို၍ အပ်တို တချောင်းပင်မရှိပဲ အင်အားကုန်ခန်းနေသည့် ကျောင်းသားများကို သူတို့ထက် အင်အား ၃ ဆ၊ ၄ ဆ များသော ရဲများက ရိုက်နှက်ကာ အကြမ်းဖက်ဖြိုခွဲနေသည်ကို ပြည်သူများသာမက တကမ္ဘာလုံးကပါ သိရှိရသဖြင့် နိုင်ငံတော်အကြမ်းဖက်မှုကို ယခုအစိုးရက ကျူးလွန်နေသည်ကို ကမ္ဘာက သိရှိသွားသည်။ ထိုသို့ ကျူးလွန်မှု၌ တာဝန်ရှိသူများသည် ပြည်သူလူထုထံ တရားဝင် တောင်းပန်ရမည် ဖြစ်သလို ဖမ်းထားသောကျောင်းသားများ၊ ပြည်သူများကိုလည်း အမြန်ဆုံး လွှတ်ပေးရပေမည်။ ထို့ကြောင့် နိုင်ငံတော်အကြမ်းဖက်မှုအား ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း ဆန့်ကျင်ကြရပေမည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013