DVB Logo
Home
မြန်မာသတင်း
ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး သမ္မတ ရိုးသားမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
April 4, 2015
Donate to DVB

ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ဟာ ရိုးသားမှုမရှိသလို ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင် တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရိုက်တာ သတင်းဌာနနဲ့ ဧပြီ ၃ ရက် မေးမြန်းခန်းမှာ “သူတကယ်ပဲ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရိုးသားမယ်ဆိုရင် လက်ရှိ အခြေအနေထက် ရှေ့ကို အများကြီး ရောက်နေပါပြီ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဆွေးနွေးညှိနှိုင်းတာ၊ အခြေခံဥပဒေကို ပြင်ဆင်တာနဲ့ လူထုရဲ့ ဆန္ဒကိုအလေးအနက်မထားဘူး ဆိုတဲ့ အချက်အလက်တွေကို စဉ်းစားကြည့်မယ်ဆိုရင် ဦးသိန်းစိန် အစိုးရဟာ  သဘောထားတင်းမာတဲ့ အစိုးရဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

“သူတို့ကို ဘယ်လိုပုံဖော်မလဲ၊ သူတို့တွေကို မပြင်းထန်ဘူးလို့ ပြောရတာ ခက်လိမ့်မယ်” လို့ ဆိုပါတယ်။

စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သမ္မတဖြစ်ခွင့်ရရေးကို မပြောင်းလဲဘူး ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဟာ ရွေးချယ်စရာ နည်းလမ်း တခုလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ အကောင်းဆုံးနည်းလမ်းတခုလို့ ကျမတို့ မထင် ပါဘူး၊ ရွေးချယ်မှုကိုတော့ ဖွင့်ထားဆဲဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အန်အယ်လ်ဒီအပေါ်မှာ ခွဲခြားဖိနှိပ်မှုတွေရှိနေတဲ့အတွက် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမယ်လို့ မထင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါပေမယ့် နိုဝင်ဘာရွေးကောက်ပွဲရဲ့ အရေးပါပုံကို ဖိအားပေးပြောဆိုခဲ့ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရောက်နေတာ ဟုတ်မဟုတ် စမ်းသပ်မှု တခုလို့လည်း သူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်က မြန်မာကို ချီးကျူးတာဟာလည်း သူတို့ဘာသာသူတို့ အားရကျေနပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အစိုးရကို ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်က ဖိအားပေးနေတယ်လို့ ပြောနေပေမယ့် တခြားတဖက်မှာ သူတို့လုပ်ခဲ့တာတွေအတွက် အစိုးရကို ဂုဏ်ယူချီးကျူးနေပါတယ်။ ဘာကြောင့်လဲလိုဆိုတော့ လိုအပ်တဲ့လမ်းကြောင်းအတိုင်း ထပ်လုပ်ဖို့ သူတို့ အားပေးချင်လို့ ဖြစ်ပါတယ်။ ဒါဟာ သူတို့ကိုသူတို့ အားရကျေနေနေတာ ဖြစ်သလို သူတို့ (မြန်မာအစိုးရ)ကို ထပ်မံလုပ်ဆောင်ဖို့အတွက် ရပ်တန့်လိုက်သလို ဖြစ်နေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013