တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံ ဧပြီ မကုန်ခင်ကျင်းပမည်
နော်နိုရင်း
·
April 4, 2015
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ ညီလာခံ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ ရန်ကုန်မြို့ မှာ ဆွေးနွေးတိုင် ပင်နေကြပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)တို့ အကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်(အန်စီအေ) စာချုပ်မူကြမ်းကို ပဏာမ သဘောတူ လက်မှတ်ထိုးကြပြီးနောက်ပိုင်း တိုင်းရင်သားခေါင်းတွေ ဆွေးနွေးတိုင်ပင်နေကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်တာဖြစ်ပြီး ဧပြီ ၂ ရက်ကနေ ၃ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။
တနိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အား လုံးပါဝင်တဲ့ ညီလာခံ ပြန်လည်ကျင်းပဖို့ အရေးကြီးတဲ့အတွက် ညီလာခံကို ဧပြီလ မကုန်ခင်မှာ ကျင်းပဖို့ရှိတယ်လို့ အန်စီစီတီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦးက ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောပါတယ်။
“တနိုင်ငံလုံးအပစ်ခတ်ရပ်ဆဲရေးသဘောတူစာချုပ် အတည်ပြု မူကြမ်းကိုကျနော်တို့ အစိုးရနဲ့ လက်မှတ် ထိုးနိုင်ပြီ။ အဲဒီအတွက်ကြောင့် ဒီလုပ်ငန်းတွေ ဆက်ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်နေတဲ့ အချက်တွေ ဆွေးနွေးဖို့ ကျနော်တို့ ဒီအစည်းအဝေးကိုခေါ်တာဖြစ်ပါတယ်။ အစည်းဝေးထဲမှာ ဆိုရင်တော့ အဓိကက တော့ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်းတွေရဲ့ ညီလာခံ ဘယ်တော့ခေါ်မလဲဆိုတော အဓိကထားဆွေးနွေးပါတယ်။ ဘာကြောင့် လဲဆိုတော့ အတည်ပြုမူ ကြမ်းကို တရားဝင်စာချုပ်ဖြစ်အောင် လက်မှတ်ထိုးနိုင်ဖို့က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အစည်းတွေ ညီလာခံခေါ်ဖို့ အင်မတန်မှ လိုအပ်တဲ့ အတွက်ကြောင့်ဖြစ်ပါ တယ်။ ကျနော်တို့ ဧပြီလ မကုန်ခင်ခေါ်ဖို့ ပြင်ဆင် ထားပါတယ်။ ၂၀ နဲ့ ၃၁ ကြား ခေါ်ဖို့ ရည်ရွယ်ထား ပါတယ်။”
ညီလာခံခေါ်ဖို့ ရည်ရွယ်ထားပေမယ့် ဘယ်နေရာမှာ ကျင်းပမယ်ဆိုတောကိုတော့ မဆုံးဖြတ်ရသေးဘူး လို့လည်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောပါတယ်။
အခုခေါ်မယ့် ညီလာခံဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထ္တအကြိမ်ညီလာခံဖြစ်ပါ တယ်။ ပထမအကြိမ်ညီလာခံကို ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမှာ ခေါ်ယူပြီး ဒုတိယ အကြိမ်ကိုတော့ ကေအန်ယူ ထိန်းချုပ်ရာ လော်ခီးလာမှာ ကျင်းခဲ့ပါတယ်။ တတိယအကြိမ်ညီ လာခံကို လိုင်ဇာမှာ ထပ်မံကျင်းပခဲ့တာဖြစ် ပါတယ်။
မတ်လ ၃၁ ရက် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပတဲ့ အန်စီအေ သဘောတူ စာချပ်ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲမှာ ၂ ဖက်ကိုယ်စားလှယ်တွေ က သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ ကြပါတယ်။
ဒီလက်မှတ်ထိုးပွဲမှာ တိုင်းရင်းသားတွေဘက်က ၀ပြည်သွေးစည်းညီညွှတ်ရေးပါတီ၊ ကိုးကန့်တပ်ဖွဲ့၊ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ရခိုင်တပ်မတော်က ကိုယ်စားလှယ်တွေ ပါဝင် လက်မှတ်ထိုးခြင်းမရှိသေးပါဘူး။
ဒီတိုင်းရင်းသားအဖွဲ့တွေမပါဘဲ အန်စီစီတီက တနိုင်ငံလုံးအပစ်ခတ်လက်မှတ်ထိုးမှာလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။
ဒီအပေါ် အန်စီစီတီအဖွဲ့ဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဒေါ်စောမြရာဇာလင်းက “ အန်စီစီ တီကတော့ အားလုံးပါဝင်ရေးမူကိုပဲ လက်ကိုင်ထားပြီးတော့ ဆွေးနွေးသွားမှာပါ။ ဒါပေမယ့် အစိုးရ ဖက်ကတော့ သူတို့ရဲ့ သဘောဆန္ဒကိုတော့ သူတို့ ပြောပိုင်ခွင့်တော့ရှိတာပေါ့လေ။ အဲဒါကိုလည်း အပြန်အလှန် ညှိဖို့တော့ လိုသေးတယ်။” လို့ ပြောပါတယ်။
၂ ရက်တာပြုလုပ်တဲ့အန်စီစီတီ ရန်ကုန်အစည်းအဝေးမှာလည်း ၂၀၁၃ခု စတင်ဖွဲ့စည်းချိန်က စပြီး လုပ်ဆောင်ခဲ့တဲ့အရာတွေကို အစီရင်ခံစာရေးတာ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေး ဆွဲရေး မူကြမ်းကို ပြန်လည် ဆွေးနွေးတာလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“လာမယ့်ညီလာခံမှာ အန်စီစီတီအနေနဲ့ အန်စီအေအတည်ပြုမူကြမ်းတင်မဟုတ်ဘဲနဲ့ အန်စီအေ အတည်ပြုမူကြမ်းနဲ့အတူတကွ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကိုပါတင်သွင်းမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အန်စီအေမှာ သဘောတူထားတာက လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်းမှာ မူဘောင်ရေးစွဲရမှာဆိုတော့ အဲဒီမူဘောင်ရေးဆွဲ့မယ့်ကိစ္စမှာ ကျနော်တို့အနေနဲ့ ပြင်ဆင်ဖို့လိုတယ်လေ။ ဒါကြောင့် ကျနော်တို့အနေနဲ့ ပြင်ဆင်မှုတွေ လုပ်ရပါတယ်။”