
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှာ ဇွန် ၁၄ ရက် မနက်ပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် အခြေခံပညာအထက်တန်းကျောင်းတခု အမိုးလန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့မနက်ပိုင်းက ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် ညောင်တုန်းမြို့နယ်၊ ပါလှဲ့အထက်ကျးရွာအုပ်စုက ပါလှဲ့အောက်စု အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်တခုလုံးနီးပါး အမိုးလန် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ ကျောင်းသားမိဘတယောက်က “ကျောင်းပိတ်ရက်ဆိုတော့ ကျောင်းသားတွေ ထိခိုက်တာ မရှိဘူး။ ကျောင်းဆောင်ကတော့ တော်တော်များများ ပျက်စီးသွားတယ်။ ယာယီကျောင်းဆောင်နဲ့ စာသင်နေတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပါလှဲ့အောက်စု အခြေခံပညာအထက်တန်းကျောင်းရဲ့ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိတဲ့ ဘုရင့်နောင် စာသင်ကျောင်းဆောင်က သွပ် ၈၂ ချပ်၊ သစ်မြားဒိုင်း ၆၁ ချောင်း၊ မျက်နှာကြက် ၁၈ ချပ် ပျက်စီးခဲ့ပြီး ကာလခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၀၀ အထိ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
ဒါ့အပြင် ဇွန် ၁၄ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ စမ်းချောက် ကုလားကုန်းကျေးရွာ၊ မြောင်းမြ-ပြင်ရွာ ကားလမ်းဘေးက သစ်ပင်လဲကျမှုကြောင့် ကားလမ်းပိတ်ဆို့ပြီး အရေးပေါ် ရှင်းလင်းခဲ့ရသေးတယ်လို့ သိရပါတယ်။










