DVB Logo
Home
မြန်မာသတင်း
ထိုင်းထီပေါက် မြန်မာအလုပ်သမား သေနတ်ပစ်ခံရ သေဆုံး
DVB
·
April 3, 2015
ထိုင်းထီပေါက် မြန်မာအလုပ်သမား သေနတ်ပစ်ခံရ သေဆုံး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင် ထုန့်တကိုမြို့နယ်ထဲမှာ ထိုင်းထီ ၅ သောင်းဆုပေါက်တဲ့  မြန်မာ အလုပ်သမား ၂ ဦး သေနတ်ပစ်ခံရပြီး ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်တယ်လို့ ခေါဝ်ဆွတ်သတင်းမှာ  ဖော်ပြပါတယ်။

ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က ထုန့်တကိုမြို့နယ် ဘန့်ဟွေ့ယိုင်ရွာမှာ သေနတ်ပစ်ခ တ်မှုဖြစ်ပွားကြောင်း တိုင်ကြားချက်အရ  ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ တောင်ပေါ်လမ်းမှာ လူ ၂ ဦး သေနတ်ပစ်ခံရတာ တွေ့ရှိခဲ့တယ်လို့ ထုန့်တကိုမြို့နယ်ရဲစခန်းက ဒုရဲအုပ် နိုင်းချလစ် ဝေ့ခ်ျကိုဆစ်ထ်က သတင်းထောက်တွေကို ပြောပါတယ်။

အပစ်ခံရသူ ၂ ဦးမှာ ကိုဟန် (အသက် ၃၁) နှစ် နဲ့ ကိုပြည့် (၃၀) နှစ်ဆိုသူ မြန်မာအလုပ်သမား ၂ ဦးဖြစ်ပြီး သူတို့ဟာ ထီ ၅ သောင်း ၂ ထောင် ပေါက်တဲ့အတွက် ရွာအ၀င်လမ်းထိပ်က ဆိုင်မှာ ငွေသွားထုတ်စဉ် အပြန်လမ်းမှာ အပစ်ခံရတာလို့ ဆိုပါတယ်။

တွေ့ရှိချက်အရ ကိုဟန်မှာ သေနတ်ဒဏ်ရာ ၄ ချက် နဲ့ သေဆုံးပြီး ကိုပြည့်မှာတော့ ပေါင်မှာ ၁ ချက်နဲ့ ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း၊ အဲဒီအနီးမှာ ကိုးမမကျည်ဆန်ခွံ ၄ ခုနဲ့  ကျည်ဆန် ၁တောင့်ပါ တွေ့တယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ဆက်လက်ပြီး ကိုပြည့်နဲ့ ရွာသားတွေ ပြောပြချက်အရ ထီပေါက်သူဟာ ကိုပြည့်ဖြစ်ပြီး အဲဒီနေ့က ထီပေါက်တဲ့ အထိမ်းအမှတ် ကျွေးမွေးဖို့ အစားအသောက်တွေပါ ၀ယ်ယူရင်း အပြန်လမ်းမှာ ဆိုင်ကယ်တစီးက သူတို့ဆိုင်ကယ်ဘေးမှာ ယှဉ်လိုက်ခဲ့ကြောင်း၊ တနေရာရောက်တော့ အနောက်ကလူက မပြောမဆို သေနတ်နဲ့ ၆ ကြိမ်ပစ်ပြီး ကိုဟန်ရဲ့ လက်ထဲက ငွေအိတ်ကို လုယူထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ ငွေလုယူသူဟာ သူတို့ထီပေါက်တာကို သိရှိသူဖြစ်ပြီး ငွေရလိုတဲ့အတွက် နောက်ယောင်ခံလိုက် လူကိုနှုတ်ပိတ်တဲ့အနေနဲ့ ပစ်ခတ်သွားတာဖြစ်နိုင်ကြောင်း၊ လူသတ်သမားကို ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့  ရဲအရာရှိရဲ့အပြောကို ကိုးကားပြီး ခေါင်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဦးကျော်သောင်းကလည်း တရားခံကို ဖမ်းဆီးအပြစ်ပေးနိုင်ရေး ၀ိုင်းဝန်းကူညီပေးဖို့ ချွန်းဖောင်းက မြန်မာအလုပ်သမား တဦးက ဒီကနေ့ ဆက်သွယ်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီအလုပ်သမားကတော့  ချဲဒိုင်သတ်တာလို့ စွပ်စွဲထားပြီး သူတို့အဖွဲ့အနေနဲ့ လိုအပ်တာကူညီနီုင်ဖို့ အချက်အလက်အသေးစိတိကို မေးမြန်းစုံစမ်းနေဆဲပဲလို့ ဦးကျော်သောင်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013