
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေကို အစဉ်တစိုက် စောင့်ကြည့်ပေးနေပြီး ကာလရှည် မိတ်ဆွေတဦးအဖြစ် ဖော်ပြပေးတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားအပေါ် ကျေးဇူးတင်အသိအမှတ်ပြုတယ်လို အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) က ဒီကနေ့ မေ ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တယ် ဆိုတဲ့ စစ်တပ်ရဲ့လုပ်ရပ်ဟာ နိုင်ငံရေးအရလှည့်စားချက် ဖြစ်တယ်လို့လည်း NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုနေကြတာကိုတော့ ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့တာ ဒါမှမဟုတ် သမ္မတကြီး ဦးဝင်းမြင့်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးတာတွေဟာ နိုင်ငံရေးအရ ကုစားနိုင်ဖို လုံလောက်တဲ့ သက်သေပြချက် မဟုတ်ဘူးလို့လည်း NLD က ဆိုပါတယ်။
အာဆီယံ အပါအဝင် နိုင်ငံတကာအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရ တရားဝင်မှုရယူလိုတဲ့ ဟန်ပြလုပ်ရပ်တွေကို သတိထားဖို့နဲ့ ဆောလျင်စွာ ထိတွေ့ဆက်ဆံတာမျိုး မလုပ်ဖို့ကိုလည်း အကြံပြုထားပါတယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လုံးဝလွတ်မြောက်တဲ့အထိ မြေပြင်နဲ့ လူမှုကွန်ရက်တွေမှာ ဆက်လက်တောင်းဆိုပေးကြဖို့ကို ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသားတွေကိုလည်း NLD က တိုက်တွန်းထားပါတယ်။










