
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို ဧပြီ ၁ ရက်မှာ စစ်ကောင်စီလေတပ်က လေယာဉ် ၅ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ သံတွဲမြို့ ဘောလုံးကွင်းနဲ့ ငပလီမြို့ အပါအဝင် ပတ်ဝန်းကျင်ကို ဗုံးကြဲနေတယ်လို့ သံတွဲသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဂျက်ဖိုက်တာက ၄ စီး၊ Y12 က တစီး လာပြီး ဗုံးကြဲနေတာပါ။ လူထိခိုက်သေဆုံးမှုတို့ မသိရသေးဘူး၊ လေယဉ်က ဝဲနေတုန်းပါ။”
Y12 တစီး အပါ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲချနေပြီး သံတွဲပတ်ဝန်းကျင်မှာ လေယာဉ်က ဆက်လက်ရှိနေသေးတဲ့အတွက် ဗုံးကျတဲ့ပတ်ဝန်းကျင်မှာ လူထိခိုက်သေဆုံးမှုကို သွားမကြည့်နိုင်သေးဘူးလို့ တာဝန်ရှိသူတယောက်ကလည်း ပြောပါတယ်။
“အခုက ဗုံးကြဲနေတုန်း၊ လေယာဉ်ကလည်း မသွားသေးဘူး၊ ဗုံးကျတဲ့နေရာတွေမှာ လူထိခိုက်မှုတော့ ရှိနိုင်တယ်။”
စစ်ကောင်စီက သံတွဲမြို့ကို ရေတပ်ကနေလည်း မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကို ၅ စင်းထိ အသုံးပြုလာပြီး အရပ်သားပြည်သူတွေ နေထိုင်တဲ့ သံတွဲမြို့ပေါ် ရပ်ကွက်နဲ့ ငပလီမြို့ကို အဓိကထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာတော့ မတ် ၃၁ ရက် နေ့လယ်က အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စကစဘက်က ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းပါ၊ ပြားကျွိန်ချောင်း ပတ်ဝန်းကျင်အရောက်မှာ တိုက်ပွဲဖြစ်တယ်။”
သိုင်းချောင်းကျေးရွာ ပတ်ဝန်းကျင်ကနေ ပြားကျွိန်ချောင်းဘက်ကို ထိုးတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် သိုင်းချောင်းဆည်တောင်စခန်းကနေ ထပ်မံ စစ်ကူလိုက်လာပြီး ဒဏ်ရာရသူတွေကို ကယ်ထုတ်သွားတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“အဲဒီစစ်ကြောင်းက မနေ့က ညကတည်းက တက်လာတာပါ။ AA ကလည်း လိုက်ချောင်းထားတယ် ထင်တယ်။ ဒီနေ့ နေ့လယ် တိုက်ပွဲမှာတော့ စကစဘက်က သေဆုံးတွေရှိတယ်လို့ သိရတယ်။”
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တဲ့အတွက် ပြားကျွိန်ချောင်းနဲ့ ချောင်းမြောင် ပတ်ဝန်းကျင်ကို ဒရုန်း၊ ရေတပ်က လက်နက်ကြီးနဲ့ ညနေဘက် ပါရာမော်တာ စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Photo: APM








