DVB Logo
Home
Lead Story
အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ် ပြောဆိုဆွေးနွေးတတ်ဖို့ လိုနေပြီဖြစ်တဲ့ မြန်မာ့လွှတ်တော်ကြီး
DVB
·
April 2, 2015
အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ် ပြောဆိုဆွေးနွေးတတ်ဖို့ လိုနေပြီဖြစ်တဲ့ မြန်မာ့လွှတ်တော်ကြီး
1 / 2
Donate to DVB

ကနေ့ (၂-၄-၂၀၁၅) ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အင်းတော်မဲဆန္ဒနယ်က ဦးကျော်နိုင်ဌေးနဲ့ သင်္ကန်းကျွန်းမဲဆန္ဒနယ်က ဦးသိန်းညွန့်တို့ နှစ်ယောက်က “မတရားသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေ-၁၄ )ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သီးခြားစီ ပြုစုပြီး သီးခြားစီ လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်းခဲ့ကြပါတယ်။

နှစ်ယောက်စလုံးရဲ့ ရည်ရွယ်ချက်ကတော့ ကိုလိုနီ အင်္ဂလိပ်အစိုးရခေတ်က ပြဋ္ဌာန်း ထားတဲ့ အဲဒီဥပဒေထဲမှာ ယနေ့ မျက်မှောက်နိုင်ငံရေးအခြေအနေ၊ ခေတ်စနစ်နဲ့ မလျော်ညီတဲ့ ပြဋ္ဌာန်းချက်တွေ ပါနေလို့ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းတာကို လုပ်ချင်တာပဲ ဖြစ်ပါတယ်။ ဦးကျော်နိုင်ဌေး တင်ပြဆွေးနွေးချက်ထဲမှာ တချို့သော ကျေးလက်တိုင်းရင်းသားများဟာ မတတ်သာတဲ့ အခြေအနေအောက်မှာ လက်နက်ကိုင် သောင်းကျန်းသူများနဲ့ ဆက်သွယ် ဆောင်ရွက်ပေးရတဲ့ကိစ္စမျိုးတွေ ရှိနေတာကြောင့် စိတ်မပါသော်လည်း မလွှဲမရှောင်သာ ကူညီမိတာမျိုးတွေ ရှိနေတဲ့အကြောင်း၊ ဒီအခါမှာ ဒီဥပဒေနဲ့ အရေးယူ အပြစ်ပေးခံရပြီး အလွန်ဝမ်းနည်း ကြေကွဲစရာကိစ္စတွေ ရှိနေတာကြောင့် ဒီလိုမျိုး မဖြစ်ရလေအောင် ဥပဒေကို ဖြေလျော့ပေးတဲ့အနေနဲ့ ဥပဒေကို ထပ်မံ ပြင်ဆင် ဖြည့်စွက်ခြင်းဖြစ်ကြောင်း တင်ပြပါတယ်။

အလားတူ ဦးသိန်းညွန့်ကလည်း အဆိုပါ ဥပဒေကို ပိုမိုဖြေလျော့သွားစေပြီး ပြည့်စုံသွားဖို့အတွက် ဖြည့်စွက်ချက်တော်တော်များများကို ပြုစုတင်ပြကာ လွှတ်တော်က လက်ခံ ဆွေးနွေးဖို့ တင်ပြပါတယ်။ သူတို့ တင်ပြဆွေးနွေးချက်တွေဟာ တော်တော်ကောင်းပါတယ်။ ဒီပြင်ဆင်ချက် ဥပဒေကြမ်း ၂ ခုကို  တပေါင်းတည်း ဖြစ်အောင် ဆွေးနွေးနိုင်ခဲ့ရင် ကနေ့ မျက်မှောက်နိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီပြီး ကျေးလက်နေ တိုင်းရင်းသား လူနည်းစု ပြည်သူတွေ အထိတ်ထိတ်အလန့်လန့် နေထိုင်လာခဲ့ရမှုတွေ သက်သာလျော့ပါးသွားမှာ သေချာပါတယ်။

ဒါပေမယ့် နှစ်ခုစလုံးကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က ပယ်ချခံရပါတယ်။ အကြောင်းပြချက်ကတော့ မူလ ဥပဒေပြဌာန်းချက်ဟာ အင်္ဂလိပ်လို ရေးသားပြဌာန်းထားတာ ဖြစ်လို့ ပြင်ဆင်ချက်တင်တဲ့အခါလည်း အင်္ဂလိပ်လိုသာ ရေးသားတင်ပြရမယ်ဆိုတဲ့ ကောက်ချက်နဲ့ပါ။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေများမှာပါ မူလဥပဒေသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြဋ္ဌာန်းထားပါက ပြင်ဆင်ဖြည့်စွက်ချက်များကို အင်္ဂလိပ်လိုသာ ရေးသားတင်ပြရမည်လို့ ပြဌာန်းမထားပါဘူး။

[caption id="attachment_88082" align="alignright" width="300"]ဦးရဲထွန်း ဦးရဲထွန်း[/caption]

နောက်တချက်က ကျနော်တို့ရဲ့ တရားဝင်ရုံးသုံးစာ သည် မြန်မာစာဖြစ်သည် ဆိုတဲ့ ပြဋ္ဌာန်းချက်ကို အခြေခံဥပဒေ ပုဒ်မ ၄၅၀ မှာ အတိအလင်း ပြဌာန်း ထားပါတယ်။

အဲဒီလို ပြဋ္ဌာန်းထားချက် ရှိပေမယ့် အင်္ဂလိပ်လို ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အင်္ဂလိပ်လို ပြင်ဆင်ချက် မတင်လို့ဆိုပြီး လက်ခံဆွေးနွေးရန် မသင့်လို့ ပယ်ချပါတယ်။

ဒါဆိုရင် အင်္ဂလိပ်လို တင်လာခဲ့တဲ့ ပြင်ဆင်ချက်ဥပဒေကြမ်းကို ဆွေးနွေးတဲ့အခါမှာရော အင်္ဂလိပ်လို ဆွေးနွေး ကြရမှာလား။

အမှန်ကတော့ မြန်မာလို ပြင်ဆင်ချက်တင်တာကို မြန်မာလိုပဲ လက်ခံဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးတဲ့အခါမှသာလျှင် အင်္ဂလိပ်ဘာသာပြန်ဆိုပြီး မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ ၂ မျိုး တွဲပြီး သမ္မတဆီ ပို့လိုက်ရင်လည်း ရတာပါပဲ။ အဲလို မလုပ်ရလို့လည်း ဘယ်ဥပဒေကမှ ဟန့်တားထားတာ မရှိပါဘူး။ စေတနာသာ ပါရင် လုပ်လို့ ရပါတယ်။

အခု ဒီပုံအတိုင်းကတော့ ဥပဒေကြမ်းအသစ် ရေးဆွဲတင်ပြချင်တဲ့၊ ပြင်ဆင်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ပြောဆို ဆွေးနွေးတတ်မှ ဖြစ်မယ်ဆိုတဲ့ပုံပါပဲ။

ဒီပြဿနာဟာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အရင်တကြိမ် ဦးသိန်းညွှန့် ပြင်ဆင်ချက်အဆို တင်ပြစဉ်တုန်းကတည်းက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အင်္ဂလိပ်လို ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အင်္ဂလိပ်လိုသာ ပြင်ဆင်ချက်အဆို တင်ရမယ်လို့ သူ့ထင်မြင် ယူဆချက်ကို လွှတ်တော်ကို ပြောလိုက်တာရဲ့ အဆက် ဖြစ်ပါတယ်။

အခုတော့ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာရဲ့ သဘောထားကို ဥပဒေကြမ်းကော်မတီကလည်း ဒီတခေါက်မှာ ဆက်လက် ထောက်ခံ၊ ပြည်သူ့လွှတ်တော်ကလည်း ဆက်လက်မဲခွဲ အတည်ပြု ထားလေတော့ ကျနော်တို့ လွှတ်တော်ကြီးထဲမှာ အင်္ဂလိပ်လို မူလပြဋ္ဌာန်းထားတဲ့ ဥပဒေပြင်ဆင်ချက်တွေကို ပြင်ဆင်မယ်ကြံရင် အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်တတ်မှ ကြံကြပါလို့ ဆိုရမှာဖြစ်ကြောင်းပါ။

ဦးရဲထွန်း (သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013