DVB Logo
Home
မြန်မာသတင်း
သက်တမ်းကုန် ၀ှိုက်ကတ် ပြန်အပ်နှံသူများ နိုင်ငံသားပြန်လျှောက်ထားနိုင်
DVB
·
April 1, 2015
သက်တမ်းကုန် ၀ှိုက်ကတ် ပြန်အပ်နှံသူများ နိုင်ငံသားပြန်လျှောက်ထားနိုင်
Donate to DVB

မြန်မာနိုင်ငံသား မဟုတ်သူတွေကို  ထုတ်ပေးထားတဲ့ ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) သက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြန်အပ်ပြီး နိုင်ငံသားလျှောက်ထားနိုင်တယ်လို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် အပါအ၀င် နယ်မြို့တချို့မှာ ၀ှိုက်ကတ် လာအပ်သူတချို့ရှိနေပြီး  အရေအတွက်ကိုတော့ ပြောလို့ မရနိုင်သေးဘူးလို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုညွန်ကြားရေးမှူး ဦးစိုင်းဘမန်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ရဲ့ လက်မှတ်တွေအပ်ဖို့ဆိုပြီး ကျနော်တို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာ စာထဲမှာပါတယ်လေ။ အဲတော့အပ်တဲ့ဟာကို ဧပြီလရယ်၊ မေလကုန် အထိပေါ့။ ဒီ ၂လမှာ သူတို့ အပ်တာကို ကျနော်တို့ လက်ခံနေတာ ပေါ့နော်။ လက်ခံရရှိကြောင်း ကျနော်တို့ သူတို့ကို ပြန်ပြီး ပြေစာလေးပေးပါတယ်။ ကျနော်တို့ ၀ှိုက်ကပ်ပေးထားကတည်းကိုက မြန်မာနိုင်ငံတွင်း နေထိုင်သူများကို ပေးတာပဲ။ ဥပဒေအရ သက်တမ်းသတ်မှတ်လို့ သက်တမ်းကုန်သွားတာကို။ သက်တမ်းကုန်သွားလို့ သူက နိုင်ငံမဲ့သဘောမသက်ရောက်ပါဘူး။”

သက်တမ်းကုန် (၀ှိုက်ကတ်) ပြန်အပ်နှံသူတွေကို အစိုးရက ပြန်အပ်ကြောင်း ပြေစာ အထောက်အထား ပြန်ထုတ်ပေးထားတယ်လို့ လည်း ဦးစိုင်းဘမန်းက ပြောပါတယ်။

“လာအပ်ပြီဆိုရင် လောလောဆယ် သူ့လက်ထဲမှာဘာမှမရှိဘူး။ မရှိဘူးဆိုတော့ ကျနော်တို့က သူ့ကို Document သဘောမျိုးပေါ့ ပြေစာလေးပေးထားတဲ့သဘောပါပဲ။ အဲဒီထဲမှာ သူ့နံပါတ်တွေ ပါတယ်ဗျာ။ တချိန်တုန်းက သက်တမ်းကုန်တဲ့ ၀ှိုက်ကတ်တွေ ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်။ အဲတော့ သူဝှိုက်ကတ်ကိုင်တုန်းကရတဲ့ အနေအထားအတိုင်းပဲပေါ့။”

သက်တမ်းကုန်လို့ ပြန်လည်အပ်နှံသူအနေနဲ့ သူတို့ဆန္ဒပေါ်မှာမူတည်ပြီး ဥပဒေအတိုင်း   နိုင်ငံသား လျှောက်ချင်ရင် လျှောက်ခွင့်ရှိတယ်လို့  လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူ က ပြောပါတယ်။

မနေ့ကတော့ ရခိုင်ပြည်နယ် ရန်းဗြဲကျွန်းမြို့နယ် ကျောက်နီမော်ကျေးရွာကို မြို့နယ် လ၀က ဦးစီးမှူးနဲ့အဖွဲ့ကလာရောက်ပြီး ၀ှိုက်ကတ်တွေအပ်ကြဖို့ သွားရောက်ပြောကြားရာမှာ တစုံတယောက်မှ မအပ်နှံဘူးလို့ ကျောက်နီမော်ကျေးရွာသား ကမန်လူမျိုး ကိုဘသန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

အဓိက ၀ှိုက်ကတ်အပ်နှံတဲ့အခါ ပြန်လည်ထုတ်ပေးတဲ့ အထောက်အထားစာရွက်မှာ လူမျိုးအမည် မထည့်သွင်းတာကြောင့် စိုးရိမ်ပြီး မအပ်ကြဘူးလို့ ဆိုပါတယ်။

ဝှိုက်ကတ်သိမ်းတဲ့အခါ ဖြတ်ပိုင်းအထောက်အထားပြန်ပေးမှာဖြစ်ပေမယ့် မွေးသက္ကရာဇ်၊ အမည်ရယ် အဖ အမည်ရယ် နေရပ်သာပါပြီး လူမျိုးကျတော့ မပါတဲ့အပေါ် ရွာသားတွေက မသင်္ကာဖြစ် စိုးရိမ်ပြီး မအပ်နှံကြတာလို့ ကိုဘသန်းထွန်းက ပြောပါတယ်။

“တကယ်တမ်း  အပ်မယ်ဆိုရင်လည်း ကျနော်တို့ ဦးစီးမှူးကို ပြောတာက ရှင်းတယ်လေ။  ကျနော်တို့ဘက်ကတော့ နိုင်ငံတော်သမ္မတကြီးအမိန့်နဲ့ဆိုရင် အပ်ရမှာ မှန်တယ်။ ကျနော်တို့ ၀ှိုက်ကတ်မှာ လူမျိုးနေရာမှာ ကမန်လို့ရေးထားသလို ခင်ဗျားတို့ပေးမယ့် အထောက်အထားမှာ လူမျိုးကို ကမန်လို့ရေးပေးလို့ ကျနော်တို့ ပြောတော့ အဲဒါကျတော့ ညွန်ကြားချက် အဲလိုမရှိဘူးတဲ့လို့ ပြောတယ်။”

ဒါ့အပြင် ၂၀၁၁ အဖြစ်အပျက်အတွင်း မီးလောင်တုန်းက အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်ပြား၊ သုံးခေါက်ချိုးမှတ်ပုံတင်၊ ၀ှိုက်ကတ်တွေ ပါကုန်တာတွေလည်း ရှိတယ်လို့ ရှင်းပြခဲ့ကြောင်းနဲ့ လ၀က ဦးစီးမှူးက နောက်တခေါက် ကွင်းဆင်းလာဦးမယ်ဆိုပြီး ပြန်သွားကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်းက ကျောက်နီမော်ကျေးရွာဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေထဲမှာပါဝင်တဲ့ ကမန်တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ကျေးရွာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အထက်ပိုင်းက အစိုးရအခေါ်အားဖြင့် ဘင်္ဂါလီ၊ ကာယကံရှင်တွေ အခေါ်အားဖြင့် ရိုဟင်ဂျာတွေ ရဲ့ ၀ှိုက်ကတ် ပြန်လည် အပ်နှံမှုအခြေအနေကိုတော့ မသိသေးပါဘူး။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးကျော်မင်းကတော့ အစိုးရအနေနဲ့ ၀ှိုက်ကပ်ကိုင်သူတွေ နိုင်ငံသားလျှောက်နိုင်တယ်လို့ ပြောဆိုပေမယ့် လျှောက်သူတိုင်း မရနိုင်ဘူးလို့  ပြောပါတယ်။

“ခွင့်ပေးတယ်လို့ ပြောတာပါ။ ပေးမှာမဟုတ်ဘူး။ မြေပုံမှာ လူ ၁ ထောင် လျှောက်တာကို  ၂၀၀ ကိုပဲပေးတယ်။ ကျန်တဲ့ ၈၀၀ မှာ ဘာလုပ်မလဲ။ အခု ဒီမှာလည်း လျှောက်ရင် လျှောက်ခွင့်ရှိတယ်လို့ ပြောတာပါ။ ဒါပေမယ့် ပေးချင်မှပေးမယ်။ ဦးက နိုင်ငံသားဖြစ်လို့ လွှတ်တော်အမတ်ဖြစ်ခဲ့တာနော် ၁၉၉၀ ခုနှစ်ကပြောတာ။ အခုက ပါတီထောင်လို့မရဘူးတဲ့။ ၁၉၈၂ ဥပဒေအရ အစစ်ဆေးခံပြီးတော့မှ နိုင်ငံသားလက်မှတ်ရရင် စိစစ်ရေးကတ်ပြားရရင် လုပ်လို့ရမယ်။ အဲဒါ ဦးတို့ အတွက်တောင် မလွယ်ရင် သူတို့ပြောတဲ့ နိုင်ငံသားပြုခွင့်ဆိုတာ တခြားလူတွေအတွက် သိပ်လွယ်မယ်မထင်ဘူး။” လို့ ပြောပါတယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ ၀ှိုက်ကတ်တွေ ပြန်လည်အပ်နှံရေး အစီအစဉ်ကို သမ္မတက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကတည်းက ထုတ်ပြန်ထားတာဖြစ်ပြီး ကတ်သက်တမ်းကုန်ဆုံးမယ့်  ၂၀၁၅  မေလ (၃၁) ရက် နောက်ဆုံးထား ဆောင်ရွက်ဖို့ ညွန်ကြားထားတာပါ။

ဒီညွှန်ကြားချက်ထွက်လာပြီးနောက် မြန်မာနိုင်ငံထဲက ၀ိုက်ကတ်ကိုင်ဆောင်ထားသူတွေရဲ့ အနာဂတ်ရှေ့ရေး မရေမရာဖြစ်စေနိုင်တယ်လို့  နိုင်ငံတကာအသိုင်းအ၀န်းက ထောက်ပြဝေဖန်ကြပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ၀ှိုက်ကတ်ကိုင်ထားသူပေါင်း ၆ သိန်းခွဲလောက် ရှိတယ်လို့  သက်ဆိုင်ရာ ၀န်ကြီးဌာနကရတဲ့ သတင်းအချက်အလက်ကို ကိုးကားပြီး မြေပုံအမတ် ဦးဖေသန်းက  ဒီဗွီဘီကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013