
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ခရီးသွား လာရောက်မှု နည်းပါးနေတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ ပုဂံဒေသခံတွေက ပြောပါတယ်။
ပုဂံဟာ မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု အများဆုံးဒေသဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံခြားသားခရီးသွား မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။
ဒါကြောင့် ပုဂံဒေသခံတွေဟာ သူတို့ရဲ့ ခရီးသွားလုပ်ငန်း လည်ပတ်နိုင်ရေးအတွက် ပြည်တွင်းခရီးသွားတွေကိုသာ အဓိက အားကိုးလာခဲ့ရတာ ၅ နှစ်ကျော် ရှိလာပါပြီ။
ဒါပေမဲ့လည်း စစ်အာဏာရှင်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေနဲ့ ညောင်ဦးမြို့နယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ လက်နက်ကိုင်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး ပြည်တွင်းခရီးသွားပါ မရှိသလောက် နည်းပါးသွားလို့ ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက်ပါ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပုဂံဒေသခံတွေက ပြောပါတယ်။
ပုဂံကိုလာတဲ့ လမ်းတလျှောက် ကျောက်ပန်းတောင်းမြို့နယ်တဝိုက်မှာ စစ်အာဏာရှင်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိနေသလို ပုဂံမြို့ထဲမှာလည်း နေအိမ်တွေအထိ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေနဲ့ ခရီးသွားတွေဟာ ည ၇ နာရီနောက်ပိုင်း အပြင်မထွက်ရဲကြသလို ခရီးသွားတွေ မသွားရဖို့ ကန့်သတ်ထားတဲ့ နေရာတွေလည်း ရှိနေတယ်လို့ ပုဂံမြို့ခံတယောက်က ပြောပါတယ်။
“လာဖို့ကတော့ အဆင်ပြေတယ်၊ စေတနာကြီး ဘုရားဘက်တွေတော့ သွားလို့မရဘူးပေါ့နော်။ မြို့ထဲကတော့ အဆင်ပြေတယ်။ ညောင်ဦးဆိုလည်း မြို့စွန်တွေ ဘာတွေ သွားလို့မရဘူးပေါ့။ အဓိက ဧည့်သည်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ညဘက်ဆိုရင်တော့ ၇ နာရီနောက်ပိုင်း အပြင်မထွက်ရင်ရပြီ။ တားမြစ်ထားတဲ့ နေရာတွေတော့ ရှိတာပေါ့လေ။ အခု ပုပ္ပားဆို သွားလို့မရဘူးပေါ့။ ဒေသခံတွေလည်း မထွက်ဘူး။ ၇ နာရီနောက်ပိုင်းဆို မြို့က ရှင်းသွားပြီ။ ပြီးတော့ ၇ နာရီနောက်ပိုင်းဆို ဟိုတယ်ကနေ အပြင်မထွက်ရင် ရပါပြီ။”
ပုဂံဒေသမှာ ပြန်ပေးဆွဲတာတွေ ဒီနှစ်ပိုင်းထဲမှာ ခပ်စိတ်စိတ် ဖြစ်လာနေတာပါ။ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်ကလည်း ညောင်ဦးမြို့နယ်၊ လက်ပန်တဲကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် ငွေကျပ်သိန်း ၆၀၀ တောင်းခံခဲ့ရာမှာ မိသားစုဝင်တွေက ဇွန် ၂၆ ရက်မှာ ငွေသွားပေးခဲ့ပေမဲ့ ပိုက်ဆံကိုသာ ယူသွားပြီး လူကိုတော့ ပြန်လွှတ်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် ညပိုင်းမှာလည်း လက်ပန်တဲကျေးရွာက အသက် ၅၂ နှစ်အရွယ် လုပ်ငန်းရှင် ဦးသန်းဌေးဦးနဲ့ အသက် ၃၀ နှစ်အရွယ် ဈေးရောင်းလုပ်ငန်းလုပ်ကိုင်တဲ့ မသန်းသန်းတို့ ၂ ယောက်ကို အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၆ ယောက်က နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီးနောက် ဦးသန်းဌေးဦးရဲ့ မိသားစုဝင်တွေက ဧပြီ ၂၁ ရက်မှာ ဖမ်းဆီးထားတဲ့အဖွဲ့ထံ ငွေကျပ်သိန်း ၅၀၀ ပေးခဲ့ပေမဲ့ ဒီနေ့အထိ ပြန်လည်လွတ်မြောက်မလာသေးသလို ၂ လကျော်အကြာ သေဆုံးသွားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နောက်ထပ် ဖမ်းဆီးခံရသူ မသန်းသန်း အတွက် ဧပြီ ၃၀ ရက်မှာ မိသားစုဝင်တွေက ဖမ်းဆီးထားသူတွေထံ ငွေကျပ်သိန်း ၂၀၀ ပေးဆောင်ခဲ့ရပြီး အဲဒီနေ့မှာပဲ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်ကလည်း ပုဂံ စေတနာကြီးဘုရားအနီးမှာ ATOM က ဝန်ထမ်း ၂ ယောက်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အခုလို ပြန်ပေးဆွဲ ဖမ်းဆီးမှုတွေ များလာတာကလည်း ခရီးသွားလာရောက်မှု နည်းပါးစေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ပြန်ပေးဆွဲမှုတွေကို စစ်အာဏာရှင်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက လုပ်ဆောင်နေသလို တော်လှန်ရေးတပ်ဖွဲ့အမည်ခံ လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်နေပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ညောင်ဦးခရိုင် ပကဖဘက်ကတော့ အခုလို ရာဇဝတ်မှု ကျူးလွန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖမ်းဆီးအရေးယူတာတွေကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေပါတယ်လို့ ဆိုပါတယ်။
“ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အဖွဲ့တချို့ကို ဖျက်သိမ်းပြီး လက်နက်တွေ အပ်ခိုင်းခဲ့ပါတယ်။ ကျူးလွန်ခဲ့တဲ့ အဖွဲ့တချို့ရဲ့ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူမှုတွေလည်း ပြုလုပ်ခဲ့ပြီး တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်ချင်တဲ့သူတွေ ဆက်လက်တာဝန်ထမ်းဆောင်နိုင်စေဖို့ ညောင်ဦးခရိုင်ပကဖရဲ့ ကွပ်ကဲမှုအောက်ကို ရောက်ရှိစေခဲ့ပြီး အနီးကပ် ကြီးကြပ်ကွပ်ကဲပြီး အမှုတွေ ဆက်လက်မကျူးလွန်စေရန် ဆောင်ရွက်ခဲ့ပါတယ်။”
ပုဂံဒေသမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေနဲ့ ပြန်ပေးဆွဲမှုတွေသာမကဘဲ ညောင်ဦးမြို့နယ်ထဲကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး မီးရှို့မှုတွေ လုပ်ဆောင်နေသလို ပုဂံမြို့တဖက်ကမ်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။











