
မက္ကဆီကိုနိုင်ငံရဲ့ အလယ်ပိုင်းမှာ တည်ရှိတဲ့ မိုရေးလို့စ်ပြည်နယ်မှာ အသက် ၂၁ နှစ်အရွယ် စပိန် ကောလိပ်ကျောင်းသူတယောက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက်မှာ မက္ကဆီကို အာဏာပိုင်တွေဟာ အမျိုးသမီးသတ်ဖြတ်မှုတခုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်နယ်အစိုးရရှေ့နေက စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ဂရန်နာဒါတက္ကသိုလ်ကျောင်းသူ ကလော်ဒီယာ တာကိုရွန်တေးဟာ မိုရေးလို့စ်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်နဲ့ ပညာရေးဆိုင်ရာ အပြန်အလှန်ဖလှယ်ရေး အစီအစဉ်တခုအရ မက္ကဆီကိုနိုင်ငံမှာ ရောက်ရှိနေတာ တလတောင် မပြည့်သေးပါဘူး။
သူ့ရဲ့ရုပ်အလောင်းကို မက္ကဆီကိုစီးတီးကနေ ကီလိုမီတာ ၁၀၀ လောက်ဝေးတဲ့ ကွာအောက်တလာမြို့က ယဉ်ကျေးမှုဗိမာန်နားမှာ စက်တင်ဘာ ၁၂ ရက် နှောင်းပိုင်းက တွေ့ရှိခဲ့ရတာ ဖြစ်ပြီး သူဟာ ဓားဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
မိုရေးလို့စ် ပြည်နယ်တရားလိုရှေ့နေ ဖာနန်ဒို ဘလူးမန်ခရွန်က အလောင်းကို သယ်ယူစစ်ဆေးကတည်းက အမျိုးသမီးသတ်ဖြတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း စတင်ဆောင်ရွက်ခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးရုံးက ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။
မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိမ်းဘောင်းမ် ကလည်း ဖက်ဒရယ် လုံခြုံရေးအဖွဲ့တွေက ပြည်နယ်တရားလိုရှေ့နေရုံးကို ကူညီပေးနေသလို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စပိန်ကောင်စစ်ဝန်ရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီလို့ ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ စပိန်နိုင်ငံ ဂရန်နာဒါတက္ကသိုလ်ကျောင်းသူအတွက် တက္ကသိုလ်ကျောင်းသားတွေက ကျောင်းဝင်းရှေ့မှာ ဖယောင်းတိုင်ထွန်းပြီး ပန်းတွေနဲ့ အောက်မေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
မက္ကဆီကိုရှိ စပိန်ကောင်စစ်ဝန်ရုံးဟာ ပြည်နယ်အုပ်ချုပ်ရေးမှူး မာဂါရီတာ ဂွန်ဇာလက်ဇ်နဲ့ တွေ့ဆုံခဲ့ပြီး ပြည်နယ်အစိုးရဘက်ကလည်း ဝမ်းနည်းကြောင်းပြောကြားကာ စုံစမ်းစစ်ဆေးရေးမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ မိုရေးလို့စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်ရဲ့ ကျောင်းသူတွေထဲမှာ ၂၀၂၆ ခုနှစ်အတွင်း စတုတ္ထမြောက် အမျိုးသမီး သတ်ဖြတ်ခံရမှုဖြစ်ပြီး ဒီနှစ် ဇန်နဝါရီကနေ ဇူလိုင်လအတွင်း အဲဒီပြည်နယ်မှာ အမျိုးသမီးသတ်ဖြတ်မှု ၂၁ မှု ရှိခဲ့ကာ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ၃၈၀ အထိ ရှိခဲ့ပါတယ်။
Source: Reuters











