
ဂရိအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့အပတ်က အေသင်မြို့မှာ ခရီးဆောင်အိတ်တလုံးအတွင်း အလောင်း တွေ့ရှိခဲ့ရတဲ့ ဗြိတိန်အမျိုးသမီးတယောက်ရဲ့ သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ် လို့ ဂရိ ရဲအရာရှိ ၂ ယောက်က ပြောပါတယ်။
နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ရဲ့ လက်ဗွေရာ ဒေတာဘေ့စ်ကို အသုံးပြုပြီး ဂရိ ရဲတပ်ဖွဲ့က စိစစ်ခဲ့ရာမှာ အဲဒီအလောင်းဟာ ဇူလိုင် ၁၅ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ အသက် ၃၈ နှစ် အရွယ် အဲလစ်ဇဘက်သ် ရော့စ် ဖြစ်ကြောင်း ဖော်ထုတ် အတည်ပြုနိုင်ခဲ့ပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရောဂါဗေဒဆိုင်ရာ အလောင်းစစ်ဆေးမှု တွေ လုပ်ဆောင်နေတုန်းပါလို့ ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လူသတ်မှု ဟုတ်မဟုတ် ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်သေးပါဘူးလို့လည်း ဆိုပါတယ်။
အသက် ၃၈ နှစ်အရွယ် အဲလစ်ဇဘက်သ်ရော့စ်ရဲ့ အလောင်းကို ဇူလိုင် ၁၈ ရက်တုန်းက အေသင် မြို့လယ်နဲ့ ကီလိုမီတာ အနည်းငယ်ဝေးတဲ့ ကစ်ပ်ဆယ်လီ ရပ်ကွက်ထဲက စွန့်ပစ်အဆောက်အအုံ တခုမှာ တွေ့ရှိခဲ့တာပါ။
ရဲအရာရှိက "ဇူလိုင် ၁၅ ရက်နေ့မှာ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ဖြစ်စဉ်တွေနဲ့ ဘယ်သူက အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး စွန့်ပစ်အဆောက်အအုံဆီ လာရွှေ့ထားလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်" လို့ ပြောပါတယ်။ ဒုတိယအရာရှိကလည်း ဒီအချက်အလက်တွေကို အတည်ပြုပေးခဲ့ပါတယ်။
ရော့စ် သေဆုံးပြီးနောက် ရက်ပိုင်းလောက်အထိ သူ့ရဲ့ လက်ကိုင်ဖုန်းထဲကနေ မက်ဆေ့ခ်ျတွေ ဆက်လက်ပေးပို့နေခဲ့တာကိုလည်း စုံစမ်းစစ်ဆေးသူတွေက အံ့သြနေကြပါတယ်။
ဗြိတိန်အမျိုးသမီး အဲလစ်ဇဘက်သ်ရော့စ်ဟာ ဇွန်လအကုန်ပိုင်းတုန်းက အက်ဒင်ဘရာကနေ လေယာဉ်နဲ့ ဂရိနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။
ရဲအရာရှိက "ကျနော်တို့ ဗြိတိန်ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ထားသလို သူ့ရဲ့ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ထားပါတယ်" လို့ ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် အသေးစိတ် ထပ်မပြောခဲ့ပါဘူး။
Source:Reuters










