ခေါင်လန်ဖူးတိုက်ပွဲတွင် ဌာနေပြည်သူ့စစ်တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ် လက်အောက်ခံ ပြည်သူ့စစ် စစ်ဦးစီးချုပ်တယောက်ကို နို၀င်ဘာ ၁၁ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိခဲ့ပါတယ်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဦးဖလားဒါဝိကို တခြားပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက် ဖမ်းဆီးခဲ့တာလို့ စစ်ရေးနဲ့ နီးစပ် တဲ့ ဒေသခံက ပြောပါတယ်။
"သူက တိုက်ပွဲမှာဒဏ်ရာရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့၀င်တွေကို သွားကြည့်တဲ့လမ်းမှာ တော်လှန်ရေး ဘက်က ဖမ်းဆီးခဲ့တာပါ။ သူနဲ့အတူ တခြားပြည်သူ့စစ်တပ်ဖွဲ့၀င်တွေလည်းပါတယ်။”
အခုလို ပြည်သူ့စစ် စစ်ဦးစီးချုပ်တယောက် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တပ် တာဝန်ရှိသူတွေက လျစ်လျူရှုထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
"ဖမ်းဆီးလိုက်တဲ့နောက်မှာ သူတို့အချင်းချင်းသတင်းပို့တာကို ငါတို့နားထောင်ခဲ့တယ်။ သူတို့ အိုင်ကွန်ပေါက်တဲ့အသံကိုပါ။ အဲ့မှာအထက်လူကြီးလို့ယူဆရသူက ‘ပါလည်းပါပေါ့ သေလည်း သေပေါ့ ဘာဂရုစိုက်စရာလိုလဲ’ ဆိုတဲ့ အသံကြားခဲ့ရတယ်။"
ခေါင်လန်ဖူးမြို့နယ်မှာ စစ်အာဏာရှင်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစု တို့ကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးဘက်က ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ ဌာနချုပ် တည်ရှိရာ ရှိန်းခေါင်နားထိ တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။











