
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က မွတ်စလင်ရွာတွေနဲ့ ကယ်ဆယ်ရေးစခန်းမှာနေတဲ့ မွတ်စလင် ၉ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဓားပိုင်ကယ်ဆယ်ရေးစခန်းက ဒေါ်ဇာတာ၊ မှော်သီညှာရွာက အမ်ဘီဟာရစ် အသက် (၄၆ နှစ်)၊ အုန်းတောကြီး ကယ်ဆယ်ရေးစခန်းက နိုကာ အသက် (၃၅ နှစ်)၊ ဟူဆောင်းအာမောက် အသက် (၄၂ နှစ်)၊ မာမောက် အသက် (၂၇ နှစ်) နဲ့ နောက်ထပ် ၄ ယောက်တို့ ဖြစ်ကြပါတယ်။
သူတို့ကို မေလတတိယအပတ်ကစလို့ စစ်တပ်နဲ့ ရဲ ပူးပေါင်းကာ ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့ မေ ၂၁ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ စစ်တွေဒေသခံ မွတ်ဆလင်တယောက်က ပြောပါတယ်။
“ဖမ်းတဲ့ရက်ချင်းက မတူဘူး။ တတိယအပတ်မှာပဲ ဖမ်းသွားတာ။ စစ်သားတွေ ရဲတွေ ရွာတွေကို ဝင်တယ်။ ကယ်ဆယ်ရေးစခန်းတွေကိုဝင်ပြီး ဖမ်းသွားတာ။ ခုထိ သတင်းမကြားရသေးဘူး။ စစ်တွေရဲစခန်းမှာ ထားလား၊ စစ်ကြောရေးကို ခေါ်သွားလား မသိရသေးဘူး။”
မေ ၁၈ ရက် မနက်ပိုင်းက ရဲတပ်ရင်း ၃၆ မှ ရဲမှူးကြီး အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ခန့် အုန်းတောကြီး ကယ်ဆယ်ရေးစခန်းကို လာပြီး နိုကာ၊ ဟူဆောင်းအာမောက်နဲ့ မာမောက်တို့ ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားတဲ့သူတွေကို စစ်တပ်နဲ့ ရဲတွေက လူကုန်ကူးမှု၊ အထောက်အထား မပြည့်စုံမှု၊ AA နဲ့ ဆက်စပ်တယ်ဆိုပြီး နေအိမ်တွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ လက်နက်ကိုင်ကာ ဝင်ရောက်ဖမ်းသွားတာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ မွတ်စလင်တယောက်က ပြောပါတယ်။
“မေ ၁၆ ရက်နေ့ ဓားပိုင်ကယ်ဆယ်ရေးစခန်းက အဖမ်းခံရတာက သူ့ယောကျ်ားကို စစ်တပ်နဲ့ ရဲက ညအချိန် လာရှာတာကို မတွေ့လို့ သူ့မိန်းမဖြစ်သူ ဇာတာကို ဖမ်းသွားတာ။ ကျန်တဲ့သူတွေက လူကုန်ကူးလို့တမျိုး၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတာ။”
မေ ၁၇ ရက်ကလည်း မှော်သီညှာရွာက အမ်ဘီဟာရစ်ကို မှန်စီလမ်းဆုံ အထိုင်ချ ရဲစခန်းက တပ်ဖွဲ့ဝင်တွေ လာရောက်ပြီး နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ပြင်က မွတ်စလင်ကယ်ဆယ်ရေးစခန်း၊ မြို့ပြင်က မွတ်ဆလင်ကျေးရွာတချို့ကို ရဲနဲ့ စစ်သားတွေက နေအိမ်တွေကို ဧည့်စာရင်းစစ်တာတွေ မကြာခဏပြုလုပ်ပြီး ဖမ်းဆီးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း စစ်တွေမြို့က စစ်ရှောင်တွေနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို စစ်တပ်နဲ့ ရဲက ဝင်ရောက်စစ်ဆေးပြီး ရခိုင်လူမျိုး ၆ ယောက်ကို ဖမ်းဆီးခဲ့ကာ ရိုက်နှက်ညှဉ်းပန်းမှုကြောင့် တယောက်က ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။










