DVB Logo
Home
မြန်မာသတင်း
မစုပုံချစ်ကို ပေးအပ်ထားသည့်တိုက်ခန်း အစိုးရပြန်လည်တောင်းခံ
DVB
·
March 31, 2015
မစုပုံချစ်ကို ပေးအပ်ထားသည့်တိုက်ခန်း  အစိုးရပြန်လည်တောင်းခံ
Donate to DVB

ခန္ဓာကိုယ်မသန်စွမ်းပေမယ့် ပညာထူးချွန်သူ မစုပုံချစ် နေထိုင်ဖို့အတွက်  ပေးထားတဲ့ တိုက်ခန်းကို လူမှုဝန်ထမ်းဦးစီးဌာနက ပြန်လည်တောင်းခံတဲ့အတွက် ပြန်လည်အပ်နှံ လိုက်ပြီလို့ မစုပုံချစ်က ပြောပါတယ်။

“ဒီနေ့ ၃၁ ရက်နေ့ ၃ လ ၂၀၁၅ နောက်ဆုံးထားပြီး ပြန်အပ်ရမှာပေါ့။ သမီး ၂၇ ရက်နေ့ တပ်မတော်နေ့ကတည်းက အပ်ပြီးသွားပါပြီ”  လို့ ပြောပါတယ်။

ရန်ကုန် ရွှေဂုံတိုင် ကလေးပြုစုရေးခြံဝန်းမှာ ရှိနေတဲ့ တိုက်ခန်းအမှတ် ၂၀၃ ကို မစုပုံချစ် နေထိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၀၃ ခုနှစ်  ဒီဇင်ဘာလက ပေးခဲ့ပါတယ်။

၂၀၁၄ ဒီဇင်ဘာလမှာတော့ ၀န်ထမ်းအင်အား တိုးချဲ့ဖို့ ရှိလို့ တိုက်ခန်းတွေ မလုံလောက်တဲ့ အတွက် ပြန်အပ်နှံဖို့  စာထုတ်ခဲ့တာလို့ မစုပုံချစ်က ပြောပါတယ်။

“ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးရုံးက တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးရဲ့ လက်မှတ်နဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ စာထွက်တာပါ။ ဘာကြောင့်လဲလို့ ပြောတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၀န်ထမ်းအင်အား တိုးချဲဖို့ရှိတဲ့အတွက်ကြောင့်မို့လို့ အိမ်ခန်းတွေ မလုံလောက်တဲ့အတွက်ကြောင့်မို့လို့ သမီး လက်ရှိ နေထိုင်တဲ့ အခန်း ၂၀၃ ကို ပြန်လည်အပ်နှံပေးပါလို့ ပြောပါတယ်။”

သတိပေးစာမထွက်ခင် လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပတဲ့ ပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ ဌာနနဲ့အတူ တွဲလုပ်ခဲ့ရကြောင်း အဲဒီကနေ ညောင်တုန်းမှာရှိတဲ့အိမ် ပြန်သွားချိန်မှာ  သတိပေးစာ ထွက်လာတာလို့ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားတွေနဲ့အတူ ညောင်တုန်းမြို့မှာ ဆန္ဒထုတ်ဖော်ပြီးနောက်ပိုင်း ဒုတိယအကြိမ် သတိပေးစာ ထွက်လာတယ်လို့ လည်း မစုပုံချစ်က ပြောပါတယ်။

“သပိတ်စစ်ကြောင်းမှာ ညီမ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာလိုက်သွားတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံသတိပေးစာထွက်လာတယ်။ အားလုံးကို ညီမတခု ပြောချင်တာကတော့ တိုက်ခန်းအသိမ်းခံရလို့ ညီမက သပိတ်စစ်ကြောင်းမှာပါခဲ့တာ မဟုတ်ဘူး။ တိုက်ခန်းမသိမ်းခင် နိုဝင်ဘာ ၈ ရက်နေ့ကတည်း အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ထောက်ပြဆွေးနွေးခဲ့တာပါ။ အဲတော့ ဒီတိုက်ခန်းနဲ့ သပိတ်စစ်ကြောင်းမှာ ပါတာနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် သပိတ်စစ်ကြောင်းမှာလို့လည်း ထပ်မံသတိပေးခံတဲ့ အတွက်ကြောင့်မို့လို့ အကြောင်းပြချက်တွေများစွာထဲက အချက်တခုဖြစ်မယ်လို့ ညီမထင်တယ်” လို့ ပြောပါတယ်။

မစုပုံချစ်ကိုပေးထားတဲ့ တိုက်ခန်းပြန်သိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဦးစီဌာန ရန်ကုန်တိုင်း ဦးစီးမှူး ဦးတင်ဇော်မိုးကို ဒီဗွီဘီက မေးမြန်းရာမှာ “အဲဒီကိစ္စဆိုရင်တော့ ကျနော့်ကို မဆက်ပါနဲ့။ ကျနော် အဲဒါကို ဖြေလို့မရပါဘူး။ အဲဒီ ကိစ္စမမေးပါနဲ့ ကျနော်ဖြေပိုင်ခွင့် မရှိဘူး။ ကာယံကံရှင်ကိုသာ မေးလိုက်တော့” လို့ ပြောပါတယ်။

မစုပုံချစ်ဟာ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ အင်ဂျင်နီယာ မဟာဘွဲ့သင်ယူနေပြီး သတိပေးစာ စထွက်တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက အဲဒီတိုက်ခန်းမှာမနေတော့ဘဲ ညောင်တုန်းမြို့ကနေ  ရန်ကုန်ကို နေ့ချင်းပြန်ကျောင်းတက်နေခဲ့တာဖြစ်ပါတယ်။

မစုပုံချစ်ဟာ မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့ပေမယ့် ခြေထောက်ကို အသုံးပြုပြီး ပညာကို အထူးကြိုးစားသင်ယူခဲ့သူဖြစ်ပြီး ပညာထူးချွန်တာကြောင့်  မစုပုံချစ်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က နယူးဆောက်သ်ဝေးလ်တက္ကသိုလ်မှာ မဟာဘွဲ့ ပညာသင်ဆုရပြီး ဘာသာရပ်ဆိုင်ရာ ဂုဏ်ထူးတွေရ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013