DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲပေးမှု စောင့်ကြည့်ခွင့်ပေးရန် ကာတာစင်တာအကြံပြု
DVB
·
March 31, 2015
ကြိုတင်မဲပေးမှု စောင့်ကြည့်ခွင့်ပေးရန် ကာတာစင်တာအကြံပြု
Donate to DVB

စစ်တပ်နဲ့ရဲတပ်ရင်းတွေမှာ ကြိုတင်မဲပေးတာကို စောင့်ကြည့်လေ့လာခွင့်ပေးဖို့ အပါအ၀င်  ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပွင့်လင်းမြင်သာ ဂုဏ်သိက္ခာရှိ စေဖို့  အမေရိကန် အခြေစိုက် ကာတာစင်တာက  အကြံပြုချက်တွေ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလထိ မြန်မာပြည်အနှံ့ သွားရောက်ခဲ့တဲ့ ကာတာ စင်တာ လေ့လာရေးမစ်ရှင်အဖွဲ့ရဲ့ ခရီးစဉ်အတွင်းတွေ့ရှိချက်တွေအပေါ် အခြေခံပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ မြန်မာအစိုးရနဲ့ တခြားသက်ဆိုင်သူတွေကို  မတ်လ ၃၀ရက်နေ့က   အစီရင်ခံစာထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းချက်တွေမှာတော့  ကြိုတင်မဲပေးခြင်းနဲ့  နေရာ အတည်မရှိသူတွေမဲပေးနိုင်ရေးအတွက်  စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ပြီး တပ်မတော်နဲ့ ရဲတပ်ရင်းတွေမှာ ကြိုတင်မဲပေးခြင်းအပါအဝင် လုပ်ငန်းစဉ်တွေကို စောင့်ကြည့်လေ့လာသူတွေနဲ့ ပါတီကိုယ်စားလှယ်တွေ အပြည့်အဝ လေ့လာနိုင်အောင်ခွင့်ပြု သင့်တယ်လို့ အကြံပြုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ    ကြိုတင်မဲတွေနဲ့ အနိုင်ရသွားခဲ့တာလို့  ကျယ်ကျယ်ပြန့် ပြန့်  ဝေဖန်မှုတွေ  ထွက်ပေါ်ခဲ့တာပါ။

လာမယ့် အောက်တိုဘာ ၊ နိုဝင်ဘာလ လောက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့  ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကြိုတင်မဲပေးမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် စီစဉ်ထား တယ်လို့  ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဒီဗွီဘီကို ပြောပါတယ်။

“ ကြိုတင်မဲနဲ့ ပတ်သက်လို့  ကျနော်တို့ ပွင့်ပွင့်လင်းလင်းဖြစ်အောင် စီစဉ်ထားပါတယ်။ ၂၀၁၂ ကြားဖြတ်တုန်းက ကြိုတင်မဲဘာမှ ပြသနာမပေါ်ခဲ့ဘူး။ ဆိုတော့ အဲဒီထက်မနည်းတဲ့ အစီအစဉ်တွေ  ကျနော်တို့ လုပ်သွားမှာပါ။”လို့ ပြောပါတယ်။

ဒါပေမယ့် အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့   ကြိုတင်မဲ ပြဿနာကို စိုးရိမ်ပူပန်နေတုန်းပဲလို့   ပါတီပြောရေးဆိုခွင့်ရှိသူ  ဦးဉာဏ်ဝင်းက ပြောပါတယ်။

“စိုးရိမ်မှုတော့ ရှိတာအမှန်ပဲဗျ။ ဘာဖြစ်လို့ရှိနေလဲဆိုတော့ အရင်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ပတ်သက်ပြီး မမှန်မကန်လုပ်တာတွေ အများကြီးကြားရတယ်။ အဲဒါကို ဖော်ထုတ် အရေးယူတာကလည်း မရှိသလောက်ရှားတယ်။ အဲဒါကြောင့် ကျနော်တို့ စိုးရိမ်တယ်။ လို့ပြောချင်တယ်၊ ကျနော်တို့ အကြံပြုတာကတော့ အဓိက ဥပဒေအတိုင်း တကယ်လုပ်ပါ။ ဥပဒေပြဌာန်းချက်၊ ညွန်ကြားချက်နဲ့အညီလုပ်ပါ။ အဲဒါဆို ကျနော်တို့ ဘာမှ မစိုးရိမ်တော့ဘူး”လို့ ပြောပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့ ကာတာစင်တာကတော့ ကြိုတင်မဲပေးခြင်းလို အကြောင်းအရာတွေကို ရွေးကောက်ပွဲနည်းဥပဒေတွေက ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့ရင်  လူအများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အထောက်အပံ့ဖြစ်နိုင်တယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပိုမိုရှင်းလင်း ပွင့်လင်းမြင်သာအောင် တိုးတက်လုပ်ဆောင်ဖို့၊ မဲဆန္ဒရှင်စာရင်းပြုစုရာမှာ အားလုံးပါဝင်မှုရှိအောင်ဆောင်ရွက်ဖို့၊  လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ စောင့်ကြည့်လေ့လာသူတွေအတွက် အသိအမှတ်ပြုလွှာ ထုတ်ပေးဖို့နဲ့ အမျိုးသမီးတွေ၊  တိုင်းရင်းသားတွေကို ကော်မရှင်အဖွဲ့ခွဲတွေမှာ ခန့်အပ်ဖို့ စတာတွေ အကြံပြုတိုက်တွန်းပါတယ်။

မြန်မာအစိုးရအတွက် အကြံပြုချက်မှာတော့  ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ စုဝေးခွင့်နဲ့ ဆန္ဒဖော်ထုတ်ခွင့်တွေဟာ အရေးပါတဲ့အတွက် အာဏာပိုင်တွေ အနေနဲ့  ဒီအခွင့်အရေးကို အပြည့်အဝခွင့်ပြုပေးဖို့ ပါရှိပါတယ်။

ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ သတင်းစာဆရာတွေ အနှောင့်အယှက်ပေးခံရမှု၊ အတားအဆီးခံရမှုနဲ့ လက်တုံ့ပြန်မှုတွေ မကြောက်ပဲ အလုပ်လုပ်နိုင်အောင်လုပ်ဆောင်ပေးဖို့၊    ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာသူတွေ လွတ်လပ်စွာသွားလာခွင့်ကို အာမခံပေးဖို့နဲ့ ယာယီသက် သေခံလက်မှတ်ကိုင်ဆောင်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို မဆုံးရှုံးအောင် ဆောင်ရွက်ပေးဖို့လည်း အစိုးရကို တိုက်တွန်းပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေအနေနဲ့လည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည်သူတွေ၊ သတင်းထောက်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့လုပ်ငန်းတွေကို ဟန့်တားခြင်းမရှိကြောင်း လူသိရှင်ကြား ကတိပေးဖို့ အကြံပြုထားသလို နိုင်ငံရေးသမားတွေအနေနဲ့လည်း အမုန်းစကားတွေနဲ့ ခွဲခြားနှိမ်ချတဲ့ စကားတွေ ရှောင်ရှားကြဖို့ တိုက်တွန်းပါတယ်။

အမေရိကန်ပြည်ထောင်စု အတ္တလန်တာမှာ အခြေစိုက်တဲ့ ကာတာစင်တာကို  ပဋိပက္ခ ကာကွယ်ဖြေရှင်းရေး၊ ဒီမိုကရေစီနဲ့ လွပ်လပ်ခွင့်တွေ တိုးမြှင့်ရေးအတွက် အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာက ထူထောင်ထားတာဖြစ်ပြီး မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူအဖြစ် မြန်မာအစိုးရက ခွင့်ပြုထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013