
ရန်ကုန် ကလေးဆေးရုံကြီးမှာ ရင်ချင်းဆက်အမြွှာ မိန်းကလေးတွေကို ခွဲစိတ်ကုသအောင်မြင်ခဲ့ပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်နေတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက ဇွန် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂ နှစ်နဲ့ ၅ လ အရွယ်ရှိတဲ့ မကြာညိုသင်းနဲ့ မကြာညိုသိမ့်တို့ကို ဇွန် ၁၁ ရက် မနက် ၁၀ နာရီ ၁၀ မိနစ်ကနေ စတင်ခွဲစိတ်တာဖြစ်ပြီး စုစုပေါင်း ခွဲစိတ်ချိန် ၉ နာရီ ၃၅ မိနစ် ကြာခဲ့တယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေဟာ ပခုက္ကူမြို့နေ အသက် ၃၁ နှစ်အရွယ် မိခင်ရဲ့ ဒုတိယမြောက် ကိုယ်ဝန်ဖြစ်ပြီး မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က လာရောက် ခွဲစိတ်မွေးဖွားခဲ့တာပါ။
မွေးဖွားပြီးချိန်ကစလို့ ခုတင် ၅၅၀ ဆံ့ မန္တလေး ကလေးဆေးရုံကြီးမှာထ ားပြီး အသက် ၆ လ အရွယ်မှာတော့ ခုတင် ၅၅၀ ဆံ့ ရန်ကင်း ကလေးဆေးရုံကြီးမှာ ထားရှိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။
အဲဒီကာလမှာ မန္တလေးနဲ့ ရန်ကုန်က ဆေးရုံအုပ်ကြီးတွေ၊ ကလေးအထူးကုဆရာဝန်ကြီးတွေ၊ မေ့ဆေးအထူးကုဆရာဝန်ကြီးတွေ၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေနဲ့ အငြိမ်းစား ဆေးပညာရှင်ကြီးတွေ ပါဝင်တဲ့အဖွဲ့နဲ့ စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှာတော့ ခွဲစိတ်ကုသမဲ့ ရန်ကုန် ကလေးဆေးရုံကြီးဆီကို ပြောင်းရွှေ့ပြီး ဇွန် ၁၁ ရက်မှာ ပါမောက္ခတွေ၊ အထူးကု ဆရာဝန်ကြီးတွေပါတဲ့ ခွဲစိတ်ကုသမှုအဖွဲ့ ၂ ဖွဲ့၊ ကလေးအထူးကုအဖွဲ့၊ သူနာပြုများအဖွဲ့၊ အငြိမ်းစား ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေ၊ ဆေးတက္ကသိုလ် ၁ က ခွဲစိတ်၊ နှလုံးနဲ့ သွေးကြောခွဲစိတ်၊ အသည်းခွဲစိတ် စတဲ့ ဆရာဝန်ကြီးတွေနဲ့ ခွဲစိတ်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၇၁ ခုနှစ်က မနန်းစိုးနဲ့ မနန်းစံ ရင်ချင်းဆက် အမြွှာကို စတင်မွေးဖွားခွဲစိတ်ခဲ့ပြီး ၁၉၉၃ ခုနှစ်က ရင်ချင်းဆက်အမြွှာ အေးအေးငြိမ်းနဲ့ အိအိငြိမ်းကို ရန်ကုန်မှာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။
ကလေးဆေးရုံကြီးမှာ အခု ခွဲစိတ်မှုအပါအဝင် ရင်ချင်းဆက်အမြွှာ ခွဲစိတ်ကုသမှု ၉ ကြိမ်၊ မန္တလေး ကလေးဆေးရုံကြီးမှာ ၃ ကြိမ် ခွဲစိတ်ကုသပေးခဲ့ပြီးပြီလို့ သိရပါတယ်။










