DVB Logo
Home
Lead Story
စုလျားရစ်ပတ် လက်ထပ်မင်္ဂလာ (ဆောင်းပါး)
DVB
·
March 31, 2015
စုလျားရစ်ပတ် လက်ထပ်မင်္ဂလာ (ဆောင်းပါး)
Donate to DVB

မင်္ဂလာဆောင်မှာ ဧည့်ပရိသတ်စုံညီတဲ့အခါ မင်္ဂလာအခမ်းအနားမှူး ဒါမှမဟုတ် ဘိသိက်ဆရာ ကဦးစီးပြီး ထိမ်းမြားလက်ထပ်ပါတယ်။ ဘိသိက်ဆရာ ဦးစီးတာ ဆိုရင်တော့ နည်းနည်းပိုပြီး အဆာကျယ်တယ်။

ထိမ်းမြားလက်ထပ်မယ့် အခမ်းအနား စတင်တော့မယ်ဆိုရင် မင်္ဂလာခမ်းမမှာ အထူးစီစဉ်ထားတဲ့ စင်မြင့်ထက်မှာ မင်္ဂလာ ဘိသိက်ဆရာနဲ့အတူ သတို့သားသတို့သမီးရဲ့ နှစ်ဘက်မိဘတွေ နဲ့ သတို့သား သတို့သမီးတို့ နေရာယူရတယ်။

အဆင်သင့် နေရာယူပြီးကြပြီဆိုရင် မင်္ဂလာ ဘိသိက်ဆရာက “ ယခုအခမ်းအနား ကတော့ မင်္ဂလာသတို့သား မောင်…………….. နဲ့ မင်္ဂလာ သတို့သမီး မ…………….. တို့ကို နှစ်ဘက်မိဘများက မိဘများရဲ့ ၀တ္တရား ငါးပါးထဲက နောက်ဆုံး ၀တ္တရားဖြစ်တဲ့ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ ဆိုတဲ့အတိုင်း မိဘ၀တ္တရားကို ပြည့်စုံစွာ ဆောင်ရွက်ပေးတာပါပဲ။ တစ်နည်းဆိုရရင်တော့ မိဘများက သားသမီးများ လျှောက် လှမ်းကြရမယ့် ဘ၀ခရီးမှာ စာမျက်နှာသစ်ဖွင့်လှစ်တဲ့နေ့ပါပဲ” ဆိုတာမျိုးကို အသံနေ အသံထား နဲ့ ပြောကြားလေ့ရှိတယ်။

မင်္ဂလာ ဘိသိက်ဆရာရဲ့ အသံကိုကြားရတဲ့အခါ တွေ့ဆုံကြုံခိုက် စကားစမြည် ပြောနေတဲ့ ဧည့်ပရိသတ်လည်း ပြောလက်စ ခဏရပ်ပြီး အသံတိတ်သွားတယ်။ ဒီလို အချိန်မှာ မင်္ဂလာ ဘိသိတ်ဆရာ လုပ်လေ့ရှိတာကတော့ သတို့သမီး သတို့သားက အနန္တော အနန္တငါးပါးကို ကန်တော့စေခြင်းပါပဲ။

ဒီလိုကန်တော့ဖို့ ကန်တော့ပန်းတွေကို ကြိုတင်စီစဉ်ထားကြတယ်။ ကန်တော့ပန်း ပန်းစည်းတွေကို အဆင်သင့်ယူပေးဖို့လည်း အမျိုးသမီးငယ်တွေကို စင်ပေါ်မှာ အဆင်သင့် ခေါ်ထားလေ့ရှိပါတယ်။

ဦးစွာပထမ ဘုရားရှင်ကို ကန်တော့ရတယ်။ ဘုရားရှင်ကို ကန်တော့ဖို့အတွက် မင်္ဂလာပန်းစည်းတွေကို သတို့သား သတို့သမီး လက်ဝယ်အရောက် အမျိုးသမီးငယ်တွေက ယူပေးတယ်။ဘုရားကို ကန်တော့ပြီးရင် တရား၊ သံဃာ၊ ဆရာ၊ မိဘ ကို တစ်ပါးပြီးတစ်ပါး ကန်တော့ပါတယ်။

ကန်တော့ဖို့အတွက် ပန်းစည်းတွေကို လက်မှာကိုင်ကာ ရိုရိုသေသေထိုင်နေခိုက် ဘိသိက်ဆရာက သက်ဆိုင်ရာ ဂုဏ်ကျေးဇူးတွေကို အာဝဇ္ဇန်းကောင်းရင်ကောင်းသလောက် ပြောပြီးမှ ဦးချကန်တော့စေတယ်။

အနန္တေ အနန္တ ငါးပါးကို ကန်တော့ပြီးရင် မင်္ဂလာအခမ်းအနား စတင်ပါတယ်။

အခမ်းအနားအတွက် ငွေဖလားတလုံးမှာ နံ့သာရည်မှာ န၀ရတ်ကိုးပါး ဒါမှမဟုတ် ရွှေ ငွေ စိမ်ထားတာနဲ့ သပြေညွန့်၊ ပန်းစည်း ပန်းခက်တွေ ထည့်ထားတယ်။

မင်္ဂလာ ဘိသိက်ဆရာက “ စိန္တာမဏိ၊ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓ ရတနာနံ၊ ကရံ ကရ တိ သရဏံ၊ ခိပ္ပ မေ၀ သမိဇ္ဈတု” ဆိုတဲ့ စိန္တာမဏိ ဂါထာကို ရွတ်ပါတယ်။ ဗုဒ္ဓံ ဗုဒ္ဓ ဆိုတဲ့ နေရာမှာ ဓမ္မံ ဓမ္မ၊ သံဃံ သံဃ ဆိုတဲ့စာလုံးကို အစားထိုးခါ ဆက်ရွတ်ပါတယ်။ အချို့ကတော့ ဘုရားတရားသံဃာကို ကိုးကွယ်ဆည်းကပ်တာကြောင့် လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝအောင်မြင်ပါစေသတည်း ဆိုတဲ့ အနက်ကိုလည်း ရွတ်ပါတယ်။ ရွတ်နေရင်းနဲ့ ငွေဖလားငယ်ထဲက မင်္ဂလာရေစင်ကို သပြေညွန့်နဲ့ တို့ယူပြီး သတို့သား သတို့သမီးတို့ရဲ့ ဦးခေါင်းထက်ကို သွန်းဖြန်းပေးတယ်။

မင်္ဂလာ ရေစင်သွန်းပြီးရင် များသောအားဖြင့် စုလျားရစ်ပတ် လက်ထပ်တာကို စတင်လေ့ရှိတယ်။ စုလျား ရစ်ပတ်လက်ထပ်ပေးဖို့ ဂုဏ်သရေရှိ ဇနီးမောင်နှံကို ဆောင် ရွက်စေတယ်။ အဲဒီ ဇနီးမောင်နှံဟာ ငယ်လင်ငယ်မယား ဖြစ်ကြရတယ်၊ လူရိုသေ ရှင်ရိုသေ ဂုဏ်ကြက်သရေနဲ့ ပြည့်စုံသူဖြစ်ရပါတယ်။

စုလျားရစ်ပတ် လက်ထပ်ပေးဖို့အတွက် ပထမဦးဆုံးအနေနဲ့ ဂုဏ်သရေရှိလူကြီး မောင်နှံထဲက ဇနီးဖြစ်သူကသတို့သမီးရဲ့ လက်ျာလက်ကိုယူပြီး လက်ဖ၀ါးကို ဖြန့်ခံထားစေတယ်။ ခင်ပွန်းဖြစ်သူက သတို့သားရဲ့ လက်ဝဲလက်ကိုယူပြီး ဖြန့်ခံထားတဲ့ သတို့သ မီးရဲ့ လက်ပေါ်မှာ အုပ်မိုးထပ်တင်စေတယ်။ ပြီးရင် သတို့သား သတို့သမီးတို့ လက်နှစ် ဘက်ကို ဂုဏ်သရေရှိမောင်နှံက စုလျားပ၀ါနဲ့ ရစ်သိုင်းတယ်။ စုလျားပုဝါ ဆိုတာ  သင့်တော်ရာ ပ၀ါဖြူဖြူဖြစ်ပါတယ်။ ပ၀ါနဲ့ ရစ်သိုင်းထားတဲ့ လက်နှစ်ဘက်ကို ရေစင်ထည့် ထားတဲ့ ငွေဖလားကြီးထဲကို နှစ်တယ်။ အချို့က ငွေကရားနဲ့ ပ၀ါရစ်သိုင်းထားတဲ့ လက်အစုံကို ရေစင်သွန်းလောင်းပေးတယ်။ ပြီးရင် စုလျားရစ်ပတ်ထားတဲ့ ပုဝါကို ပြန်ဖြည်ပေးတယ်။

ဒါဆိုရင် စုလျားရစ်ပတ် လက်ထပ်ပေးတာ အောင်မြင်ပြီး သတို့သား သတို့သမီး တို့ အကြင်လင်မယားဖြစ်သွားပါပြီ။

ဒီလိုကိစ္စတွေဆောင်ရွက်ရာမှာ မင်္ဂလာ ဘိသိက်ဆရာ ဒါမှမဟုတ် အခမ်းအနား မှူးခိုင်းစေသမျှ ဂုဏ်သရေရှိလူကြီးသော ဘာသောညာသော လုပ်ရတာပါပဲ။ ဓာတ်ပုံ ဆရာ ဗီဒီယိုဆရာကလည်း ဒီအချိန်မှာတော့ ဆရာကြီးပါပဲ။ သူတို့က ရိုက်နေကျမို့ ဘယ်ဟာကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွမ်းကျင်တယ်။ မှတ်တမ်းပုံကောင်းဖို့လည်း လိုသေးတို့ ကင်မရာမင်းတွေ အမိန့်အတိုင်း ဘိသိက်ဆရာအစ လူကြီးမင်းအဆုံး အားလုံး တသဝေမတိမ်း လုပ်ရတယ်။

ယခုအခါ ထိမ်းမြားမင်္ဂလာ ဆောင်ရာမှာ စုလျားရစ်ပတ်လက်ထပ်ရုံမက လက်စွပ် တွေလည်း အပြန်အလှန်စွပ်၊ ပန်းကုန်းတွေလည်း အပြန်အလှန်စွပ်ပေးနဲ့ ချဲ့ချင်တိုင်း ချဲ့လာကြပါတယ်။ အချို့ကလည်းမျက်နှာ နာတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေကို နေရာပေးချင်တာ အသိုင်းအ၀န်းတောင့်တယ်လို့ ဂုဏ်လုပ်ချင်တာတွေကြောင့် ချဲ့တာ လည်းရှိပါတယ်။

(ဒီစာကိုရေးသူလည်း တချိန်က မကင်းရာ မကင်းကြောင်းတွေအတွက် မင်္ဂလာ အခမ်းအနားမှူးယောင်ယောင်  ဘိသိက်ဆရာယောင်ယောင် ဆောင်ရွက်ပေးခဲ့ရဖူးပါတယ်။)

ကျော်ရင်မြင့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013