DVB Logo
Home
Lead Story
မလေးရှား အိမ်မီးလောင်မှုအတွင်း မြန်မာဒုက္ခသည် ၃ ဦးသေဆုံး
DVB
·
August 17, 2026
Photo: Choo Choy May/ Malay Mail
Photo: Choo Choy May/ Malay Mail
Donate to DVB

မလေးရှားနိုင်ငံမှာ ဩဂုတ် ၁၅ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အိမ် မီးလောင်မှုအတွင်း မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည် ဖခင်ဖြစ်သူနဲ့ သား ၂ ယောက်သေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း Bernama သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ပါဂန်ဆာရိုင်းမြို့၊ တာမန်ဆာရိုင်းမဂျူးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေကတော့ အသက် ၂၇ နှစ်အရွယ် မိုဟာမက်ဒ် ယူးနားစ်နူးရ်အလီ၊ ၆ နှစ်အရွယ် မိုဟာမက်ဒ် ဝါဟီးဒ် ယူးနားစ်နဲ့ ၃ နှစ်အရွယ် မိုဟာမက်ဒ် အာဟီးဒ် ယူးနားစ်တို့ ဖြစ်တယ်လို့ ပီရတ်ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေတု ဆာယာနီ ဆာအီဒွန်က အတည်ပြုခဲ့သလို  အသက် ၂၄ နှစ်အရွယ် ဇနီးဖြစ်သူ ဆန်နီယာ ဂျာဟန် ဂျူးမား အဘူလ် ကာဆင် ကတော့ လက်နဲ့ ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

ပီရတ်ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန အနေနဲ့ အဲဒီနေ့မနက် ၅ နာရီ ၁၇ မိနစ်က အရေးပေါ် ဖုန်းဆက်သွယ်မှုကို လက်ခံရရှိခဲ့ပြီး ၅ နာရီခွဲမှာ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မီးသတ်အဖွဲ့ ရောက်ရှိချိန်မှာ နိုင်ငံခြားသား ၇ ယောက် နေထိုင်တဲ့ ပေ ၂၀ x ပေ ၄၀ အရွယ် အမျိုးအစား အိမ်တအိမ် မီးလောင်နေတာတွေ့ရှိရပြီး ပျက်စီးမှု ပမာဏ ၇၀ ရာခိုင်နှုန်းလောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိမ်အပြင်ဘက်မှာ တွေ့ရှိခဲ့တဲ့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက သူ့ရဲ့ ခင်ပွန်းနဲ့ ကလေး ၂ ယောက်ဟာ အဆောက်အအုံ အတွင်းထဲမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မီးသတ်အဖွဲ့ဟာ မီးလောင်နေတဲ့ အိမ်အတွင်းကနေ သေဆုံးသူ ၃ ယောက်ကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာတဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ အရာရှိတွေက သေဆုံးသူ ၃ ယောက်စလုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကိုတော့ အရေးပေါ် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ယာဉ်နဲ့ ဆေးရုံကို မပို့ဆောင်မီ ရှေးဦးပြုစုကုသမှု ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ မလေးရှား ရာဇဝတ်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပြီး မီးလောင်မှုကို မနက် ၆ နာရီ မိနစ် ၂၀ လောက်မှာ ထိန်းချုပ်နိုင်ခဲ့ကာ လုပ်ငန်းတခုလုံးကို မနက် ၇ နာရီ ၃၅ မိနစ်မှာ စနစ်တကျ ပြီးစီးခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်း အမှန်နဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ အခင်းဖြစ်ပွားရာနေရာမှာ အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မှုခင်းဆေးပညာအဖွဲ့ရဲ့ သတင်းအချက်အလက်တွေနဲ့ အကြို စုံစမ်းတွေ့ရှိချက်တွေ အရတော့ မီးဟာ သေဆုံးသူတွေကို မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတဲ့ ပထမအခန်းကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

Source: Bernama/ Malay Mail

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013