DVB Logo
Home
မြန်မာသတင်း
ကိုနန္ဒစစ်အောင် လက်ပံတန်းတွင် ရုံးထုတ် ရမန်ယူ
DVB
·
March 30, 2015
ကိုနန္ဒစစ်အောင် လက်ပံတန်းတွင် ရုံးထုတ် ရမန်ယူ
1 / 2
Donate to DVB

ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုနန္ဒစစ်အောင်ကို လမ်းမတော် ရဲအချုပ်မှာ ဖမ်းထားရာက ဒီကနေ့  လက်ပံတန်းမြို့နယ်ရဲစခန်းကို လွှဲပေးလိုက်ပြီး တရားရုံးထုတ် ရမန်ယူခဲ့ပါတယ်။

သူ့ကို တခြားကျောင်းသားခေါင်းဆောင်တွေနဲ့အတူ စွဲထားတဲ့ အမှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ထားချက်အရ ဖမ်းဆီးတာဖြစ်ပြီး ဒီကနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ် ရမန်ယူခဲ့တယ်လို့ လက်ပံတန်းမြို့နယ်ရဲစခန်းက ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“နန္ဒစစ်အောင်ကို ဒီနေ့ တရားရုံးမှာ ရုံးထုတ် ရမန်ယူတယ်။ သူ့ကို ပြီးရင်တော့ သာယာဝတီထောင်ကို ပို့မှာပေါ့။”

သူ့ကိုအလိုရှိတဲ့အတွက် ရန်ကုန်ကနေတဆင့် လွှဲပေးလိုက်တာဖြစ်ပြီး ရန်ကုန်မှာဆန္ဒပြမှုနဲ့ ပတ်သက်လို့တော့ ရန်ကုန်ဘက်က ဘယ်လို အရေးယူမလဲဆိုတာ မသိရဘူးလို့လည်း ရဲအရာရှိက ပြောပါတယ်။

ကိုနန္ဒစစ်အောင်ကို လက်ပံတန်းမှာ ရုံးမထုတ်ခင် ဒီမနက် အစောပိုင်းက ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်မယ်လို့ သတင်းကြားတဲ့အတွက် သွားတဲ့အချိန်မှာ ကမာရွတ်မှာ မထုတ်ဘဲ မင်္ဂလာဒုံရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်းနဲ့ နောက်ပိုင်း ဘယ်ကို ခေါ်သွားမှန်းမသိရဘူးလို့  ကိုနန္ဒစစ်အောင်ရဲ့ မိခင် ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။

“မနက်တုန်းက ကမာရွက်မှာ ရုံးထုတ်မယ်ဆိုလို့ ၁၀ နာရီက ကျမတို့က ကမာရွတ်ကို ရောက်နေတာလေ။ ၁၂ နာရီလောက်လည်းကျရော ကိုနန္ဒစစ်အောင်ကိုတဲ့ မင်္ဂလာဒုံကို ခေါ်သွားပြီးလို့ ကြားတော့ ကျမတို့က မင်္ဂလာဒုံကို လိုက်တာပေါ့နော်။ လိုက်သွားတော့ ကားက ကျပ်နေတော့ ကျမတို့ စော်ဘွားကြီးကုန်းဘဲရောက်သေးတယ်။ ဟိုဘက်က မိနစ် ၂၀ ပဲ မင်္ဂလာဒုံရဲစခန်းမှာ ထားပြီးတော့ အခု ကိုနန္ဒစစ်အောင်ကို ဘယ်ကိုခေါ်သွားမှန်း မသိဘူး။”

10692_10203046360920101_6499943209299386678_nကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်လေး (ခ) အောင်ထက်အောင် တို့ ၃ ဦးကို မတ်လ၂၇ ရက်နေ့ တော်လှန်းရေးနေ့က  သာယာဝတီထောင်မှာ အကြမ်းဖက် ဖမ်းဆီးခံနေရတဲ့ သပိတ်မှောက် ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ သိမ်ကြီးဈေးအနားမှာ ဆန္ဒပြအပြီးမှာ ဖမ်းဆီးခံ ရတာပါ။

ဖမ်းဆီးခံရတဲ့နေ့မှာပဲ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်လေး (ခ) အောင်ထက်အောင်တို့ နှစ်ယောက်ကို ပန်းဘဲတန်းတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ကိုနန္ဒစစ်အောင်ကိုတော့ လမ်းမတော်ရဲ စခန်းအချုပ်ခန်းမှာ ချုပ်နှောင်ပြီး ဒီနေ့ လက်ပံတန်းမှာ ရုံးထုတ်ပြီး သာယာဝတီထောင်ကို ပို့ ဆောင်တာပါ။

ဒီကနေ့မနက် လမ်းမတော်ရဲစခန်းအချုပ်ခန်းမှာ ရှိနေစဉ် သူ့ကို အမှုတွေများကြီးနဲ့ အမှုဖွင့်ခံထားရတဲ့ပေါ် ကိုနန္ဒစစ်အောင်က “ကျနော်တို့ ၂၄ ရက်နေ့က ကြိုတင်သဘောတူညီချက်မှာ လက်မှတ်ထိုးထားတာရှိ တယ်ဗျာ။ အစိုးရ ၀န်ကြီးတယောက် ထိုးထားတဲ့လက်မှတ် ရှိတယ်ဗျာ။ အဲဒါလည်း တရားဥပဒေဆိုင်ရာ ပြဿ  နာ ရှိတယ်။ ကျနော်တို့မြင်က ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ ရှိတယ်ဗျာ။ အခု နိုင်ငံရေးနည်းလမ်အရ အဖြေရှာကြတယ်။ အဖြေရှာတဲ့အခါကျတော့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတဲ့ဖက်ကိုပဲ ငြိမ်းချမ်းစွာဖြေရှာမလား သို့မဟုတ် ဥပဒေအရအရ အပြစ်ပေးမလားပေါ့။ အဲဒါဆိုရင်တော့ သေချာတယ်။ ဟိုဘက်ကကိစ္စတွေတော့ ပြဿ  နာ ရှိလာတယ်။ ဒါကတော့ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာတဲ့ ဒီမိုကရေစီခတ်ရဲ့ ပုံစံသွားမှာလား ဒါမှမဟုတ်ရင် အရင်ခေတ်ပုံစံသွားမှာ လားပေါ့။ ကျနော်တို့ လမ်းဆုံလမ်းခွ ရောက်နေတယ်လို့ ကျနော် ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၆၉ ဦးကို မတ်လ ၂၅ ရက်နေ့က လက်ပံတန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားရုံးတင်ခဲ့ပါတယ်။

ဒီအမှုတွေနဲ့ပတ်သက်ပြီး  ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒစစ်အောင် နဲ့ ကိုမြတ်သူ ၄ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားရာ ကိုနန္ဒစစ်အောင်ကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ကျောင်းသားတွေတရားစွဲခံရတာနဲ့ပတ်သက်ပြီး နန္ဒစစ်အောင်ရဲ့ ဖခင် ဦးဌေးက “အစိုးရက အရင်တုန်းက အရေးမယူပါဘူးဆိုပြီး ကတိတွေ ပေးထားတာ။ ကတိတွေ ချိုးဖောက်ပေါ့။ အခုအရေးယူတာရိုးရိုးအရေးယူတာမဟုတ်ဘူး ရိုက်နှက်ဖြိုခွဲအရေးယူတာ။ အမှုတွေ ပုဒ်မတွေကလည်း အများကြီးပဲပေါ့နော်။ ဆိုတော့ ကျောင်းသားတွေအပေါ်မှာထားတဲ့ စစ်တပိုင်းအစိုးရနဲ့တပ်မတော်က အာဃာတတွေကြီးမားတယ်ဆိုတာ ထင်ရှားတာပေါ့နော်။ ကျနော်တို့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်လင့်ပြီးတော့ ဘာပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းမှာ ရွေးကောက်ပွဲတွေဝင်ဖို့ ပြင်ဆင်နေကြတဲ့ကာလမှာ သူဘက်ကတော့ ပြတ်သားပါတယ်။ ပြည်သူတွေကို အုပ်ချုပ်ခံအနေနဲ့ပဲ ဖိနှိပ်နေတာ။ အဲဒါကို အားလုံး သိဖို့လိုပါတယ်။”

ကိုနန္ဒာစစ်အောင်ဟာ ၂၀၀၃ ခုနှစ်ကလည်း ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ အချခံရပြီး၊ ၂၀၁၂ ခုနှစ်မှာ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013