
OpenAI ကုမ္ပဏီက အသိဉာဏ်ရည်တု AI မော်ဒယ်တွေရဲ့ မမျှော်လင့်ထားတဲ့ ဒါမှမဟုတ် စိုးရိမ်စရာကောင်းတဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဖြစ်ရပ်အသစ် ၆ ခုကို ဖွင့်ချလိုက်ပါတယ်။
အနာဂတ်မှာ အလားတူဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့အခါ စောင့်ကြည့်စစ်ဆေးပြီး အများသိနိုင်အောင် ဖော်ထုတ်သွားမဲ့ အစီအစဉ်တခုလည်း ပါဝင်တယ်လို့ ကြေညာထားပါတယ်။
ဒီဖြစ်ရပ်မှာပါဝင်တဲ့ AI မော်ဒယ်တွေဟာ အချက်အလက်တွေ ဖုံးကွယ်ထားတာ ဒါမှမဟုတ် လုပ်ကြံဖန်တီးတာကိုပါ ပြုလုပ်လာနိုင်တယ်ဆိုပြီး ChatGPT ရဲ့ မိခင်ကုမ္ပဏီက အတည်ပြုပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့မှာ OpenAI ရဲ့ ဖော်ပြချက်အရ အဲဒီမော်ဒယ်တွေဟာ ခိုင်းထားတဲ့ အလုပ်တခု ပြီးမြောက်ဖို့ ဒါမှမဟုတ် စမ်းသပ်မှုတခု အောင်မြင်ဖို့အတွက် အကြံအဖန် လုပ်တာတွေပါ ရှိလာခဲ့ကြောင်း သိရပါတယ်။
ဥပမာအားဖြင့် - ဒီမော်ဒယ်တွေက သူတို့အပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် အမှားတွေ ဖျောက်ထားတာနဲ့ မရှိတဲ့အချက်အလက်တွေ အသစ်ဖန်တီးတာ စတဲ့ ညွှန်ကြားချက်မျိုး ထုတ်ပေးနေတာ တွေ့ရတယ်ဆိုပြီး အသေးစိတ် ရှင်းပြထားပါတယ်။
ဒါကြောင့်ပဲ OpenAI ဘက်က ဉာဏ်ရည်တုမော်ဒယ်တွေရဲ့ မူမမှန်တဲ့ အပြုအမူတွေ၊ ရည်ရွယ်ထားတာနဲ့ မကိုက်ညီတဲ့ ဖြစ်ရပ်တွေကို ခြေရာခံစောင့်ကြည့်တာ၊ စုံစမ်းစစ်ဆေးတာမျိုးနဲ့ ဖော်ထုတ်တာမျိုးအထိ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မကြာသေးတဲ့ရက်ပိုင်းမှာ AI ကြောင့် လူသားမျိုးနွယ်အပေါ် ကြီးမားတဲ့ အန္တရာယ်တွေ ကျရောက်လာစေနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးစုံ ထွက်ပေါ်လာခဲ့ပြီးနောက် နယ်ပယ်အသီးသီးက ပညာရှင်တွေအနေနဲ့ ဆွေးနွေးငြင်းခုံခဲ့ကြတာကို တွေ့ရပါတယ်။
OpenAI ရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Anthropic ကို ပူးတွဲတည်ထောင်ခဲ့သူ ဂျက် ကလာ့ခ် ကတော့ ကြားနေအဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ “အသေပိတ်ချနိုင်မဲ့ အရေးပေါ်ခလုတ်တခု” (Kill Switch) မဖြစ်မနေထားရှိဖို့ လိုအပ်လာနိုင်ကြောင်း ထောက်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ AI နည်းပညာအကြောင်း သတိပေးချက်တွေကို “ကမ္ဘာကြီး ပူနွေးလာပြီဆိုတဲ့ လိမ်လည်လှည့်ဖြားမှုနဲ့” တူတယ်လို့ နှိုင်းယှဉ်ခဲ့တဲ့အပြင် ဒါဟာ “အစွန်းရောက်ပြီး ပိန်းတိန်းတဲ့ (Dumocrats) လက်ဝဲယိမ်း ဒီမိုကရက်တွေရဲ့ လုပ်ဇာတ်သာ” ဖြစ်တဲ့အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ထားပါတယ်။
ဒါ့အပြင် AI အတွက် လိုအပ်တဲ့ တခုတည်းသော ထိန်းကြောင်းမှုဟာ အားကောင်းပြီး ထက်မြက်လှတဲ့ သမ္မတတယောက် ဖြစ်သလို အမေရိကန်မှာ အဲဒါရှိပြီးသား ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။











