DVB Logo
Home
Lead Story
စစ်ဗိုလ်အမတ်တွေ ဆက်ထိုင်နေဦးမယ် (ဆောင်းပါး)
DVB
·
March 30, 2015
စစ်ဗိုလ်အမတ်တွေ ဆက်ထိုင်နေဦးမယ် (ဆောင်းပါး)
Donate to DVB

မတ်လ ၂၃ ရက်က နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တော်ဝင်ဓနသဟာယစစ်မှုထမ်းဟောင်းများအသင်း၊ အဖွဲ့ဝင် မြို့စား မစ္စတာ စလင်းမ် တို့ တွေ့တော့ ကာကွယ်ရေးဦးစီးချုပ်က ထူးထူးခြားခြား ပြောဆိုခဲလှတဲ့ လွှတ်တ်ာထဲက တပ်မတော်သားကိုယ်စားလှယ်တွေအခန်းကဏ္ဍ ထည့်သွင်းပြောသွားပါတယ်။

သူပြောတာအတိအကျက "လွှတ်တော်တွင် တပ်မတော်သား များပါဝင်၍ ပြည်သူများအတွက် လိုအပ်ချက်များ၊ ပြင်သင့်ပြင်ထိုက်သည်များကို မည်သည့်ဘက်ကမျှ ဘက်မလိုက်ဘဲ အကြံပြုဆွေးနွေးလျက်ရှိ၍ လွှတ်တော် အတွင်းနှင့် ပြည်သူလူထုကလည်း လက်ခံလျက်ရှိကြောင်း၊ တပ်မတော်သားများက ဖြစ်သင့်သည်၊ မဖြစ်သင့်သည်များကို ပြတ်ပြတ်သားသား ဆွေးနွေး တင်ပြပြီး ဆုံးဖြတ်ချက်ကို လွှတ်တော်တွင် မဲဆန္ဒဖြင့် ဆုံးဖြတ်ပါ ကြောင်း"။

ဒီစကားကြားတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲလုပ်ခဲ့တဲ့ လွှတ်တော်တရပ်မှာ တပ်ကိုယ်စားလှယ်တွေ တင်ပြသွားတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်အကြောင်း ပြေးသတိရမိလိုက်ပါတယ်။
အောက်တိုဘာလွှတ်တော်တရပ်မှာ တပ်မတော်သားကိုယ်စားလှယ်တွေမြင်တဲ့ လွှတ်တော်လို့ ပြောရမယ့် အကြံပြုသုံးသပ်ချက်တစောင် တင်သွင်းခဲ့တာ တွေ့ရပါတယ်။

သုံးသပ်ချက်ကို တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်မည့်အချက်များနှင့် စပ်လျဉ်း၍ အကြံပြုသုံးသပ်ချက် လို့ တရားဝင်နာမည်ပေးထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တပ်အမြင်တွေ အမြောက်အမြား တွေ့လိုက်ရပါတယ်။

ဒီသုံးသပ်ချက်ထွက်လာတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်မှာ တပ်ကိုယ်စားလှယ်တယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ်တင့်ဆန်း မေးမြန်းခဲ့တဲ့ “နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃) ခုဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် တို့အနေနှင့် ကျန်ရှိနေသာ သက်တမ်းကာလအတွင်း၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဟန်ချက်ညီ ဆောင်ရွက်မည့် အနာဂတ်အစီအမံများအား မည်သို့ချမှတ်ထားပါကြောင်း၊ ထိုသို့ အနာဂတ်အစီအမံ များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများနှင့် တွေ့ကြုံလာပါက စိန်ခေါ်မှုများကို အားသာချက် အခွင့်အလမ်းအဖြစ် ဖန်တီးယူနိုင်ရန်အတွက် မည်သည့်နည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်သွားမည်ကို” သိရှိလိုခြင်းဆိုတဲ့ မေးခွန်းက အစပြုခဲ့တာပါ။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် စိန်ခေါ်မှု အခက်အခဲများကို ကျော်လွှားပြီး မည်သို့ဆောင်ရွက်သင့်သည် ဆိုသည်ကို တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌထံ ပြန်လည်တင်ပြပေးပါလို့ လမ်းညွှန်ခဲ့တာကြောင့် အခု သုံးသပ်ချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

တပ်ကိုယ်စားလှယ်တွေရဲ့ အကြံပြုသုံးသပ်ချက်ထဲ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေ ဆက်လက်တင်ပြပါမယ်။ လက်ရှိပြည်သူ့လွှတ်တော်မှာ ကော်မတီ (၂၃) ရပ်နှင့် ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်နေတာ လုံလောက်တယ်။ ဒါပေမယ့် တချို့ကော်မတီဝင်တွေဟာ ကော်မတီတရပ်ထက်ပိုပြီး တာဝန်ယူထားရတာ မနိုင်မနင်းဖြစ်နေတာတွေ့ရတယ်။ ဒီတော့ ကော်မတီတွေမှာ လေ့လာသူအဖြစ်သာ ထဲ့သွင်းဖွဲ့စည်းထားတဲ့ တပ်ကိုယ်စားလှယ်တွေကို ကော်မတီဝင်အဖြစ်ထဲ့ သွင်းဖွဲ့စည်း သင့်တယ်။ လွှတ်တော်ကော်မတီတွေထဲ တပ်ကိုယ်စားလှယ် ပါသင့်တယ်လို့ တောင်းဆိုလိုက်တာပေါ့ခင်ဗျာ။

တပ်ကိုယ်စားလှယ်တွေ အကြံပြုချက်ထဲ ပိုပြီး စိတ်ဝင်စားစရာကောင်းတာတချက် တွေ့ရပါသေးတယ်။ အဲ့ဒါကတော့ ဥပဒေပြုရေးအပိုင်းမှာ လုံးလုံးလျားလျားတာဝန်ရှိတဲ့ ဥပဒေကြမ်းကော်မတီကို ဝေဖန်ထောက်ပြထားတာပါ။ ဥပဒေကြမ်းကော်မတီဝင် ၁၅ ယောက်နဲ့ ဥပဒေပြုရေးအပိုင်းတွေ မနိုင်မနင်းဖြစ်နေတာ တွေ့ရတယ်။ဥပဒေတရပ်ရပ်ကို အတည်ပြုပြီးခါမှ ထပ်ခါထပ်ခါပြင်ဆင်နေရတာတွေ မကြာခဏဖြစ်ဖြစ်နေတယ်။ ဒီလိုမဖြစ်ရလေအောင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်တွင် ဘာသာရပ်ပေါင်းစုံအား လွှမ်းခြုံအကြံပြုနိုင်စေရန် ပညာရှင်အရေအတွက် ထပ်မံ တိုးချဲ့ဖွဲ့စည်းသင့်တယ်လို့ အကြံပြုတင်ပြထားတာ တွေ့ရပါတယ်။ ဥပဒေကြမ်းကော်မတီဝင်တွေ အင်္ဂလိပ်စာနဲ့ ကွန်ပျုတာ မကျွမ်းကျင်ကြဘူး၊ ကော်မတီဝင်တွေ အရည်အသွေး မြှင့်တင်ပေးဖို့လိုတယ်လို့လည်း ထောက်ပြထားပါတယ်။ ဒီဝေဖန်ထောက်ပြချက်အရတော့ လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဥပဒေတွေမှာ အားနည်းချက်တွေ အတော်ရှိနေပြီဆိုတာ ထင်ရှားပြသနေပါပြီ။

တပ်ကိုယ်စားလှယ်တွေရဲ့ မဏ္ဍိုင်ကြီး ၃ ရပ် အပြန်အလှန် ထိန်းကျောင်းခြင်းကဏ္ဍကို ထောက်ပြခဲ့တာလည်း စိတ်ဝင်စားဖို့ ကောင်းတာ တွေ့ရပြန်ပါတယ်။ ဥပဒေပြုရေးအပိုင်းက အုပ်ချုပ်ရေးပိုင်းကို စောင့်ကြည့်တော့ အုပ်ချုပ်ရေးပိုင်းဟာ ကတိက၀တ်မတည်ဘဲ ကြန့်ကြာနေတာတွေ့ရတယ်လို့ ထောက်ပြထားပါတယ်။
ဥပဒေပြုရေးပိုင်းက တရားစီရင်ရေးပိုင်းကို ကော်မတီကော်မရှင်တွေဖွဲ့ပြီး စောင့်ကြည့်တာကို တရားစီရင်ရေးပိုင်းက နားလည်လက်ခံပေးဖို့လိုတယ်လို့ အကြံပြုထားတာလည်း တွေ့ရပါတယ်။

တခါ အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးပိုင်းကို စောင့်ကြည့်ပြီး ဥပဒေကြမ်းတွေကို သဘောထားမှတ်ချက်နဲ့ ပြန်ပို့ရင် ဥပဒေပိုင်းက နားလည်ဖို့ခက်နေတယ်လို့လည်း ဆိုထားပါတယ်။ တခါ တရားစီရင်ရေးပိုင်းက ဥပဒေပြုရေးပိုင်းကို ထိန်းကျောင်းပြန်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေပိုင်းက နားလည်ဖို့ ခက်နေတာ တွေ့ရပြန်ပါသတဲ့။ ဒါကြောင့် မဏ္ဍိုင်ကြီး ၃ ရပ်အနေနဲ့ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲများ မပါရှိစေဘဲ အပြန်အလှန် နားလည်ပေးဖို့လိုတယ်၊ နားလည်မှုရှိရှိ ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ အကြံပြု ထောက်ပြထားပါတယ်။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်ရဲ့ ပကတိ ဆက်ဆံရေးအခြေအနေကို တပ်မတော်က အခုလို ဝေဖန်ထောက်ပြတာ ပထမဆုံးအကြိမ် တွေ့ဖူးမြင်ဖူးလိုက်တာပဲ ဖြစ်ပါတယ်။
တကယ်လဲ အလားတူ ဆက်ဆံရေးရှိခဲ့လို့ မဏ္ဍိုင် ၃ ရပ်အကြား အခြေအတင်ဖြစ်ခဲ့တာတွေ တွေ့မြင်ခဲ့ရပြီး အထင်ရှားဆုံးတခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတဖွဲ့လုံး နုတ်ထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးအေးချမ်းကော်မတီမှာ အုပ်ချုပ်ရေးပိုင်းက ထောက်ကူမပေးလို့ ကော်မတီလုပ်ငန်းတွေ ရှေမတိုးနိုင်တာ၊ တရားရေးပိုင်းကလည်း သူတို့ အလုပ်ဝင်ရှုပ်တယ်ဆိုပြီး အမြင်မကြည်တာတွေဟာ ထင်ရှားတဲ့ သက်သေသာဓကတွေပဲ ဖြစ်ပါတယ်။

မဏ္ဍိုင် ၃ ရပ်ကြား ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲတွေရှိနေတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ဆီးသီးဗန်းမှောက်တဲ့ကိစ္စပဲ တချက်ပြန်ကြည့်လိုက်ပါ။ ဥပဒေပြုရေးပိုင်းက လွှတ်တော်ဥက္ကဋ္ဌလုပ်သူက အဆောက်အဦနဲ့ လမ်းဖောက်တဲ့ ကန်ထရိုက်တွေ ပစ္စည်းခိုပြီးဆောက်ရင် အရေးယူသင့်တယ်။ အခုကတော့ အဆောက်အဦတွေဆောက်ဖို့ ချပေးလိုက်တဲ့ ဘတ်ဂျက်က ပွဲခင်းထဲ ဆီးသီးဗန်းမှောက်လို့ ဟိုလူနှိုက်ဒီလူနှိုက်သလိုမျိုး အဆောက်အဦက မဆောက်ရသေးဘူး၊ ဘတ်ဂျက်က တ၀က်ပဲ ရှိတော့တယ်လို့ ထပြောတော့ အုပ်ချုပ်ရေးပိုင်းက ၀န်ကြီးတယောက်က ဘယ်ဌာနလည်း တိတိကျကျပြောပါ၊ သူလည်း အရင်က ၀န်ကြီးလုပ်ဖူးတာပဲလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါမျိုး အရင်ကလည်း အလားတူဖြစ်ဖူးတာ မကြာခဏတွေ့ရပါတယ်။ ပုဂ္ဂိုလ်စွဲကိစ္စပြောကြေးဆို တချို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲ က တပ်ကိုယ်စားလှယ်တွေဟာ သမတဘက်တော်သားတွေ လို့ ပြောဆိုသုံးသပ်တာ ကြားရပါတယ်။ သူတို့ သုံးသပ်သလို တပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဆွေးနွေးကြတဲ့အခါ သမ္မတဘက် ခပ်ပါပါ ဆွေးနွေးကြတာလည်း မကြာမကြာ တွေ့ခဲ့ရပါတယ်။

ဘီဘီစီအင်တာဗျုးမှာ သမ္မတဦးသိန်းစိန်က မြန်မာ့စစ်တပ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အဓိက အရေးပါတဲ့နေရာက ဆက်ရှိနေမယ်လို့ ထုတ်ပြောခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ကာချုပ်က လွှတ်တော်ထဲက တပ်ကိုယ်စားလှယ်တွေအခန်းကဏ္ဍကို ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။ ချုပ်ကြည့်ရင်တော့ လွှတ်တော်ထဲရောက် တမတ်သားစစ်ဗိုလ်အမတ်တွေ ဆက်ထိုင်နေဦးမယ်၊ လျှော့ချဖို့ အကြောင်းမရှိသေးဘူးလို့ အဓိပ္ပာယ်ရပါတယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013