
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြန်မာစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ မော်စကိုမြို့တော်မှာ သြဂုတ် ၁၈ ရက်က တွေ့ဆုံခဲ့ပြီး စွမ်းအင်သဘောတူညီချက်တွေ အပါအဝင် ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် နားလည်မှုစာချွန်လွှာ ၁၂ ခု လက်မှတ်ရေးထိုးတာကို မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ ပြုလုပ်ခဲ့ပါတယ်။
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ပူတင်က မင်းအောင်လှိုင်ကို ရုရှားရဲ့ မိတ်ဆွေတယောက်အဖြစ် ဖော်ပြခဲ့ပြီး နှစ်နိုင်ငံဟာ စွမ်းအင်၊ ကာကွယ်ရေးနဲ့ အာကာသစူးစမ်းလေ့လာရေး အပါအဝင် ကဏ္ဍအမျိုးမျိုးမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ရုရှားဟာ ရေနံချက်စက်ရုံ တည်ဆောက်ရေးအပြင် မြန်မာနိုင်ငံရဲ့ ကမ်းလွန်ရေနံ အပါအဝင် ဟိုက်ဒရိုကာဗွန် ထုတ်လုပ်မှုနဲ့ စူးစမ်းလေ့လာရေးမှာ မြန်မာနိုင်ငံနဲ့ ဆွေးနွေးနေတယ်လို့ ပူတင်က ပြောပါတယ်။
ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့ရည်ကို မြန်မာနိုင်ငံဆီ ထောက်ပံ့ပေးဖို့ အလားအလာကောင်းတွေ ရှိနေပြီး တခြားနိုင်ငံတွေဆီ ဆက်ပို့ဖို့ အလားအလာကောင်းတွေ ရှိတယ်လို့ သူတို့က ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံနေရတာဖြစ်ပြီး နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရဖို့ ကြိုးစားနေပါတယ်။
တရုတ်နိုင်ငံလိုပဲ ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို အစဉ်တစိုက် ထောက်ခံနေတာပါ။ ရုရှားအစိုးရက ကာကွယ်ရေးပူး ပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့ပြီး မြန်မာနိုင်ငံမှာ ရုရှားစွမ်းအင်ကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေရဖို့ ကြိုးစားခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံဆီ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကရင်မလင်မှာ ဆွေးနွေးခဲ့ကာ မင်းအောင်လှိုင်က ရုရှားကို ဆင် ၆ ကောင် လက်ဆောင်ပေးခဲ့သလို ပူတင်ကို ကြွက်မင်းအဖြစ် ချီးမွမ်းမြှောက်ပင့် ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နဲ့လည်း မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားစက်ရုံတခု တည်ဆောက်ဖို့ သဘောတူခဲ့ပါတယ်။
Rosatom ညွှန်ကြားရေးမှူးချုပ် အလက်စီလီခါချော့ဗ်ကတော့ မြန်မာနိုင်ငံမှာ အငယ်စား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ၂၀၂၇ ခုနှစ်အတွင်း စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ရုရှားသတင်းဌာန TASS ကို ပြောပါတယ်။
“ဒီနှစ်မကုန်ခင် ကနဦး မြေပြင်စစ်တမ်းနဲ့ လေ့လာမှုတွေအတွက် စာချုပ်ကို လက်မှတ်ရေးထိုးပြီး လာမဲ့နှစ်မှာ စီမံကိန်းနေရာမှာ လေ့လာမှုတွေ သွားရောက်လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့ အလွန်မျှော်လင့်ပါတယ်။ လက်တွေ့အားဖြင့် ဒါဟာ ဆောက်လုပ်ရေးလုပ်ငန်း စတင်ခြင်းပဲ ဖြစ်ပါတယ်။”
၂၀၀၁ ခုနှစ်ကနေ အခုချိန်ထိ ရုရှားကို မြန်မာကနေ ပညာတော်သင် ၆,၈၀၀ ကျော် လွှတ်ပေးခဲ့ပြီး လက်ရှိမှာလည်း ၄၃၀ ကျော် ပညာသင်နေတယ်လို့ မင်းအောင်လှိုင်က ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူးစတင်နဲ့ တွေ့ဆုံစဉ် ပြောပါတယ်။
ဒါ့အပြင် လာမဲ့ စက်တင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပမဲ့ ၁၁ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ကိုလည်း စစ်အာဏာရှင်အစိုးရ ဒုသမ္မတ ၁ ညိုစောကို လွှတ်သွားမယ်လို့ ဆိုပါတယ်။
Source: Reuters/ TASS











