အရာတော်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး အပါအဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်အာဏာရှင်တပ်က နောင်ကြီးအိုင်ကျေးရွာဈေးကို နိုဝင်ဘာ ၂၄ ရက် မနက် ၁၁ နာရီမှာ လေကြောင်းကနေ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ အရာတော်ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ကြီးအိုင်ကျေးရွာ လမ်းမကြီးဘေးက ဈေးဆိုင်တန်းကို ကျရောက် ပေါက်ကွဲခဲ့လို့ ၃ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက် ၄ နှစ်အရွယ် မနှင်းရတီ၊ အသက် ၁၉ နှစ်အရွယ် G12 ကျောင်းသား မောင်ကျော်သူညိမ်းနဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်နှင်းရွှေတို့ ဖြစ်ပါတယ်။
ပြည်သူ ၁၀ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲက ၄ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
အရာတော်မြို့နယ် ဒေသခံတယောက်က “ဘာစစ်ရေးပစ်မှတ်မှမရှိဘူး၊ ဘာထူးခြားချက်မှမရှိဘူး၊ ဈေးဝယ်တွေ စည်ကားနေတဲ့အချိန်မှာ လာချသွားတာ။ လမ်းဘေးမှာ ဈေးဆိုင်တွေအများကြီး အဲဒီနေရာက တော်တော်စည်တယ်။ အဲဒီလမ်းမှာ မနက်စောစောထွက်တဲ့ဈေးရှိမယ်၊ နေ့ခင်းဆိုရင် လည်း အိမ်ဆိုင်တွေများတယ်၊ အခု ထိခိုက်တဲ့လူတွေကလည်း ကိုယ့်တောမှာ ကိုယ်နေပြီး တခါတလေမှ ဈေးလာကြတဲ့သူတွေပဲ ထိခိုက်ကုန်တာ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာတော့ နောင်ကြီးအိုင်ကျေးရွာဈေးကို ပိတ်ထားပြီး ရွာခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
သီရိ











