DVB Logo
Home
မြန်မာသတင်း
တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် သင်္ဘောနစ်မြုပ်ခဲ့ဟု စုံစမ်းရေးအဖွဲ့ပြော
DVB
·
March 29, 2015
တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် သင်္ဘောနစ်မြုပ်ခဲ့ဟု စုံစမ်းရေးအဖွဲ့ပြော
Donate to DVB

အောင်တံခွန်-၃ သင်္ဘောမြုပ်ခဲ့တာဟာ မတော်တဆဖြစ်တာမဟုတ်ဘဲ သင်္ဘောဝန်ထမ်းတွေနဲ့ ဆိပ်ကမ်းတာဝန်ရှိသူတွေရဲ့ ကြီးလေးတဲ့ပေါဆမှုကြောင့် ဖြစ်ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အောင်တံခွန်-၃ သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကနေ အခုလို ပြောကြားလိုက်တာပါ။

မတ်လ ၂၆ ရက်က ပြည်နယ်အစိုးရအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ပြည်နယ်လုံခြုံရေးဝန်ကြီး ဦးထင်လင်းက အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လွှတ်တော်မှာ လာရောက်ဖတ်ကြားပြခဲ့ပြီး တာဝန်ရှိတဲ့ ၀န်ထမ်းတွေကို အရေးယူသင့်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း စစ်တွေမြို့ ပြည်နယ်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“အစီရင်ခံစာ နောက်ဆုံးအချက်မှာတော့ ပြည်နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေဟာ တာဝန်ခံမှု အားနည်းတဲ့ လစ်ဟင်းမှုအပိုင်းဖြစ်လို့ အရေးယူရမယ်လို့ ပါပါတယ်။ အဲ့ဒီအချက်ကိုတော့ လက်ခံပါတယ်။ လူသေဆုံးတဲ့အပိုင်းမှာတော့ ၁၂ နှစ်အောက် ကလေးတွေ ဘယ်လောက်သေဆုံးတယ်ဆိုတဲ့ ကိန်းဂဏန်းတွေကို မဖော်ပြခဲ့တဲ့အတွက် အဲ့ဒီအချက်တခုကတော့ သူတို့ ရေးထားပုံက ရှောင်ထွက်တဲ့သဘောမျိုး မြင်ရတယ်။”

ပြည်နယ်အစိုးရရဲ့ အစီရင်ခံစာမှာ သဘောင်္နစ်မြုပ်ချိန်မှာ ခရီးသည် ၁၈၀ ကျော် လိုက်ပါလာပြီး ခရီးသည်စာရင်းမှာ အသက် ၁၂ နှစ်အောက် ကလေးစာရင်း မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။

သင်္ဘောနစ်မြုပ်ချိန်မှာ ရာသီဥတုပြင်းထန်ဆိုးဝါးနေပြီး ရေယာဉ်အုပ်အပါအ၀င် ရေယာဉ်ဝန်ထမ်းတွေ အရက်သောက်စားထားကြတယ်၊ သင်္ဘောနစ်မြုပ်ချိန်မှာ ခရီးသည်တွေကို ကြိုတင် အသိမပေးနိုင်ခဲ့သလို သင်္ဘောနစ်မြုပ်ချိန် ဘယ်ပုံဘယ်နည်း လုပ်ဆောင်ရမယ်ဆိုတာကို ၀န်ထမ်းတွေကိုယ်တိုင် မသိဘူး၊ သင်္ဘောမှာ အရေးပေါ်ဆက်သွယ်ရေးစနစ်လဲ မရှိဘူးလို့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် သင်္ဘောဖြတ်သန်းရာ မြို့တွေက ဆိပ်ကမ်းအာဏာပိုင်တွေ အားလုံးဟာ သင်္ဘောမှာ ခရီးသည်နဲ့ ကုန်တန်ချိန် ဘယ်လောက် ပါရှိနေတယ်ဆိုတာကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အောင်တံခွန်သင်္ဘောကို ၂၀၁၃ ခုနှစ်က နောက်ဆုံး လွန်းတင်ပြင်ဆင်ခဲ့ပြီး အဲ့ဒီလို ပြင်ဆင်ရာမှာလည်း လုံလောက်တဲ့ စက်ပစ္စည်းသုံးပြီး အသေအချာ မပြင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲ ပြောဆိုဆွေးနွေးကြရင်း လွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရဟာ သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်လို့ လိမ်ညာပြောဆိုခဲ့တယ်၊ ပြည်သူကို မလိမ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရရဲ့ သင်္ဘောနစ်မြုပ်မှု အစီရင်ခံစာကို ဒီလကုန်နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်သွင်းရမှာ ဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ ထပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်က  အောင်တံခွန်-၃ သင်္ဘောဟာ  တောင်ကုတ်ကနေ စစ်တွေ အသွား မြေပုံမြို့  အရှေ့တောင်ဘက် ငပသုန်ကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ခရီးသည် ၁၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မတ် ၁၇ ရက် စာရင်းအရ အမျိုးသား၊ အမျိုးသမီး ၆၁ ဦးရဲ့ ရုပ်အလောင်းတွေ ဆယ်ယူရရှိခဲ့တယ်လို့ အစိုးရက နောက်ဆုံး ထုတ်ပြန်ထားပေမယ့် သေဆုံးသူအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံတွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက  ခန့်မှန်းပြောဆိုနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013