
ဟစ်ဇ်ဘိုလာတို့ ပိုင်ဆိုင်မှုတွေရှိတဲ့ တိုင်ရာ၊ နာဘာတီနဲ့ ဘီခါးတောင်ကြားတို့ကို ပစ်မှတ်ထား တိုက်ခိုက်မှု ၂၄ နာရီအတွင်း အကြိမ် ၁၅၀ ကျော် ရှိတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ တိုက်ခိုက်မှုကြောင့် လူ ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၄၀ ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
အစ္စရေးဟာ မတ် ၂ ရက်ကတည်းက တိုက်ခိုက်မှုတွေ စလုပ်ခဲ့တာဖြစ်ပြီး လူ ၃,၂၆၉ ယောက် သေဆုံးခဲ့ကာ လူ ၉,၈၄၀ ဒဏ်ရာရခဲ့တယ်လို့လည်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်တွေက အဲဒီတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဇ်ဘိုလာတွေရဲ့ အခြေခံအဆောက်အအုံ ၁၅၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ရွာတွေနဲ့ မြို့ ၅ မြို့က ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အစ္စရေး ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါဟာ ဧပြီ ၁၇ ရက်က အပစ်ရပ်သဘောညီမှု ရပြီးနောက်ပိုင်း အကြီးဆုံး ရွှေ့ပြောင်းခိုင်းမှုပဲ ဖြစ်ပါတယ်။
အပစ်ရပ်သဘောတူတုန်းက လက်ဘနွန်မှာရှိတဲ့ ဒေသတွေရဲ့ ၁၄ ရာခိုင်နှုန်း အကျုံးဝင်တယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ စစ်ဆင်ရေးတွေ တိုးမြှင့် လုပ်ဆောင်နေတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။
ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ အစ္စရေးက လက်ဘနွန်မှာ နေ့တိုင်းနီးပါး တိုက်စစ်ဆင်မှုတွေ ဆက်လုပ်ခဲ့သလို ဟစ်ဇ်ဘိုလာကလည်း အစ္စရေး စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။










