
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအပြီး လက်ဘနွန်တောင်ပိုင်းမှာ ဇွန် ၁၃ ရက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး မီးခိုးတွေ ထွက်လာတယ်လို့ လက်ဘနွန်နိုင်ငံပိုင် သတင်းဌာန NNA က ထုတ်ပြန်တယ်။
အစ္စရေးစစ်တပ်က လက်ဘနွန်မြို့နဲ့ ရွာပေါင်း ၂၄ ရွာက ဒေသခံတွေကို သူတို့အိမ်တွေကနေ ချက်ချင်းထွက်သွားဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနကလည်း ဖော်ပြပါတယ်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးလို့ အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမဲ့ လေကြောင်းကနေလည်း ဆက်ပြီး တိုက်ခိုက်နေသလို အမြောက်နဲ့လည်း ဆက်ပြီးပစ်ခတ်နေလို့ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇွန် ၁၃ ရက်က လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
တိုင်ယာခရိုင်က မာရာကေးမြို့ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ လူတယောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန်နိုင်ငံရဲ့ အမျိုးသားသတင်းဌာန (NNA) က ဖော်ပြပါတယ်။
အာ-ရီဟန်မြူနီစပယ်မြို့တော်ဝန် အလီဘာဒီလည်း လက်ဘနွန်တောင်ပိုင်း ဂျက်ဇင်းခရိုင်ကို အစ္စရေးက တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။
နာဘာတီယာခရိုင်က ဒီယာ အယ်လ်-ဇာရာနီနဲ့ ကာဖာရီမန်မြို့တွေမှာလည်း ၃ ယောက် သေဆုံးခဲ့ပါတယ်။
အီရန်နဲ့ စည်းလုံးပြီး အီရန်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာတပ်တွေက အစ္စရေးနိုင်ငံကို မတ် ၂ ရက်မှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရင်း ပိုကျယ်ပြန့်တဲ့ ပဋိပက္ခထဲကို လက်ဘနွန်နိုင်ငံက ဝင်လာခဲ့တာပါ။
လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးက တိုက်ခိုက်လို့ လူ ၃,၆၀၀ ကျော် သေဆုံးပြီး လူဦးရေရဲ့ ငါးပုံတပုံလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အမေရိကန်က ဧပြီ ၁၆ ရက်မှာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
အပစ်အခတ်ရပ်စဲရေး ကြေညာပြီးကတည်းက အစ္စရေးက အကြိမ်ရေ ၃,၅၀၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ လက်ဘနွန်က ပြောပါတယ်။
လက်ဘနွန်မှာ တိုက်ပွဲအတွင်း အစ္စရေးစစ်သား ၂၈ ယောက် သေဆုံးပြီး ဟစ်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ကြေညာချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source: Reuters










