DVB Logo
Home
Lead Story
ပဟေဋ္ဌိဆန်သော ဂျာမနီလေယာဉ်မှူး
DVB
·
March 28, 2015
Donate to DVB

မတ် ၂၄ ရက် စပိန်နိုင်ငံ ဘာစီလိုနာကနေ ဂျာမနီနိုင်ငံ ဒူဆယ်လ်ဒေါ့ဖ်ကို ထွက်ခွာလာတဲ့ လေကြောင်း ခရီးစဉ် နံပါတ် 4U 9525 ဟာ အမြင့်ပေ ၆၅၅၀ ကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့နဲ့ မိုင် ၄၃၀ အကွာ အဲလ်စ်တောင်တန်းမှာ ပျက်ကျခဲ့ပါတယ်။

ပျံသန်းချိန် နာရီပေါင်း ၅၈၃၀၀နဲ့ ခရီးစဉ် ၄၆၇၀၀ ပျံသန်းခဲ့တဲ့ ဒီလေယာဉ်ရဲ့ ကြံ့ခိုင်မှုကို ပုံမှန် စစ်ဆေးနေသလို ဂျာမနီ လုပ်ဖ်ဟန်ဇာ လေကြောင်း ကုမ္ပဏီပိုင် ဂျာမနီဝင်းစ် လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရတဲ့ မှတ်တမ်း ရှိထားပါတယ်။

[caption id="attachment_87555" align="aligncenter" width="615"]Flight 5 ဓာတ်ပုံ (ရိုက်တာ)[/caption]

 

ဂျာမနီနဲ့စပိန်နိုင်ငံသားအများစု ပါဝင်တဲ့ လူ ၁၅၀ ကျော် သေဆုံးခဲ့သလို လေကြောင်းလိုင်းက ကျန်ရစ်တဲ့ မိသားစုတွေကို ကုန်ကျစရိတ်အဖြစ် ဒေါ်လာ ၅ သောင်း ၄ ထောင်ကျော်ပေးမှာ ဖြစ်ပြီး လျော်ကြေးငွေကိုလည်း ထပ်ပေးသွားမယ်လို့ လေကြောင်းလိုင်းက မတ် ၂၇မှာ ကြေညာထားပါတယ်။

လေယာဉ် ပျက်ကျရတဲ့အကြောင်းအရင်းကို တာဝန်ရှိသူတွေက အပြင်းအထန် စုံစမ်းနေပါတယ်။

[caption id="attachment_87556" align="aligncenter" width="622"]Flight 4 ဓာတ်ပုံ (ရိုက်တာ)[/caption]

ဒီလိုစုံစမ်းရာမှာ လေယာဉ်မောင်းနှင်တဲ့ အခန်းထဲက ထွက်ခွာလာတဲ့လေယာဉ်မှူးကို တွဲဖက်လေယာဉ်မှူး အန်ဒရေးလူးဗစ်ဇ်က အခန်းထဲကို ပြန်ပေးမ၀င်ဘူးလို့ စုံစမ်းရေးမှာ ပါဝင်တဲ့ အရာရှိ ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန်ပြည်ထောင်စု အခြေစိုက် နယူးယောက်တိုင်းမ်သတင်းက ရေးသားခဲ့ပါတယ်။

“အပြင်ဘက်ကနေ တံခါးခေါက်ပေမယ့် တစုံတရာမတုံ့ပြန်တဲ့အတွက် တံခါးကို ခပ်ကြမ်းကြမ်း ထုပေမယ့်လည်း ဘာမှ တုံ့ပြန်တာမရှိဘူး။ တံခါးကို ရိုက်ချိုးဖို့ ကြိုးစားတာကိုလည်း ကြားနေရပါတယ်” လို့ လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်ထားတဲ့ ဘလက်ဘော့စ်ကို စစ်ဆေးခဲ့တဲ့ အရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။

[caption id="attachment_87558" align="aligncenter" width="620"]Flight 6 ဓာတ်ပုံ (ရိုက်တာ)[/caption]

 

အေ-၃၂၀ လေယာဉ် အမျိုးအစားလေယာဉ်တွေမှာ လေယာဉ်တံခါးကို ဂျက်ကျမသွားအောင် အီလက် ထရောနစ် ခလုတ် အငယ်စားရှိပေမယ် ဒီခလုတ်အလုပ်မလုပ်နိုင်အောင် လေယာဉ်မှူးတွေက လုပ်လို့ရ တယ်လို့ ဆိုပါတယ်။

ဒီအတွက် လေယာဉ်မှူး အခန်းထဲမှာ ရှိတဲ့ဘယ်သူမဆို လေယာဉ်ထဲကနေ တဦးတယောက်ကမှ မထွက် သွားနိုင်အောင် ပိတ်ထားလို့ရနေတဲ့အချက်ကို ကျွမ်းကျင်သူတွေက ဟာကွက်တခုလို ထောက်ပြရေး သားလာပါတယ်။

မတ် ၂၅ ရက်မှာတော့ တရားလို ဘရိုက်စ် ရော်ဘင်ကလည်း တွဲဖက်လေယာဉ်မှူး အန်ဒရေးလူးဗစ်ဇ်ရဲ့ ရည်ရွယ်ချက်က လေယာဉ်ကို ဖျက်ဆီးဖို့လို့ ပြောဆိုလိုက်တဲ့ အတွက် ဒီလေယာဉ်ပျက်ကျမှု အတွက် အဓိက တာဝန်ရှိသူက တွဲဖက်လေယာဉ်မှူး ဖြစ်လာပါတယ်။

ဒီလိုပြောဆိုချက်ကို လူးဗစ်ဇ် နေထိုင်တဲ့မြို့က လေကြောင်းဆိုင်ရာ အဖွဲ့က အကြီးအကဲကတော့ ငြင်းဆိုထား ပါတယ်။

[caption id="attachment_87560" align="aligncenter" width="616"]Flight 8 ဓာတ်ပုံ (ရိုက်တာ)[/caption]

 

လေယာဉ်မောင်းရင်း အခုလို ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားတာဟာ လူးဗစ်ဇ် တယောက်တည်း မဟုတ်သလို ဒီဖြစ်စဉ်လို တခြား ဖြစ်ရပ်တွေလည်း ရှိနေတယ်ဆိုပြီး မီဒီယာတွေက ရေးပါတယ်။

“လေယာဉ်အကူအညီနဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း”ဆိုပြီး ဖက်ဒရယ် လေကြာင်းဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေက ခေါ်ဝေါ်တယ်လို့လည်း နယူးယောက်တိုင်မ်းသတင်းမှာ ရေးပါတယ်။

၂၀၁၃ ခုနှစ်က မိုဇမ်ဘစ် လေကြောင်းလိုင်းမှာလည်း တွဲဖက်လေယာဉ်မှူး အပေါ့အပါးသွားပြီး ပြန်လာတာကို ကပ္ပတိန်က တံခါးဖွင့်မပေးဘဲ မြေပေါ်ကို ထိုးဆင်းလိုက်တဲ့ ဖြစ်ရပ်နဲ့ ၁၉၉၉ ခုနှစ်က လူ ၂၀၃ ဦးပါတဲ့ အီဂျစ်လေကြောင်းလိုင်းပျက်ကျရာမှာလည်း တမင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

[caption id="attachment_87565" align="aligncenter" width="615"]Flight 9 ဓာတ်ပုံ (ရိုက်တာ/ပြင်သစ် ပြည်ထဲရေး)[/caption]

ဒီလိုရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဟာ ရှားပါးသလို ၂၀၁၄ ခုနှစ် ဖက်ဒရယ် လေကြောင်း ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က ၂၀၀၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း လေယာဉ်မတော်တဆ ၂၇၅၈ ခုနဲ့ ပတ်သက် လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းမှာတော့ လေယာဉ်မတော်တဆ ၈ ခုကပဲ သေကြောင်းကြံဖို့ အတွက် လုပ်ဆောင် တာ ဖြစ်ပါတယ်။

ဒီအထဲက ၄ ဦးက အရက်သောက်ထားသလို ၂ ဦးက စိတ်မကျတဲ့ ဆေးသောက်နေရတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ၅ ဦးက ဒီလိုလုပ်မယ်ဆိုတာကို အရိပ်အမြွက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့ ကမ္ဘာ့ လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူးခန်းထဲ အနည်းဆုံးလေယာဉ်မှူး ၂ ဦး အမြဲထားရှိရေးဥပဒေကို အရေးပေါ်ပြင်ဆင်ပြဋ္ဌာန်းလာကြပါပြီ။

လေယာဉ်ကို တမင်ထိုးဆင်း ပျက်ကြစေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးမှာတော့ လူးဗစ်ဇ်အပေါ် လူတွေက ဒေါသထွက်ခဲ့သလို အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာနဲ့ လူးဗစ်ဇ်ရဲ့အကြောင်းဟာ မီဒီယာ စာမျက်နှာပေါ် ရောက်ရှိလာပါတယ်။

[caption id="attachment_87561" align="aligncenter" width="603"]Flight 2 ဓာတ်ပုံ (ရိုက်တာ)[/caption]

 

တကယ်တော့ အသက် ၂၇ နှစ်အရွယ် လူးဗစ်ဇ်ဟာ မိဘတွေနဲ့ အတူ ဂျာမနီ အနောက်ပိုင်း မောင်တဘောမြို့ မှာ နေထိုင်နေတာ ဖြစ်ပါတယ်။ မိခင်က ပရိုတက်စတင့် ဘုရားကျောင်းမှာ အော်ဂင်တီးပါတယ်။

၂၀၀၈ ခုနှစ်မှာ လေယာဉ်မောင်းသင်တန်းတက်ဖို့ လက်ခံခဲ့သလို ဂျာမနီက ဘရီမင်နဲ့ အမေရိကန်ပြည်ထောင်စုမှာ သင်တန်းတွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်မှူး လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ ၁၁ လအတွင်းမှာ လေယာဉ်မောင်အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ဂျာမနီဝင်းစ်မှာ လေယာဉ်မှူးတာဝန်ယူခဲ့ပြီး လေယာဉ်မောင်းသက် နာရီ ၆၃၀ ရှိတယ်လို့ ဆိုပါ တယ်။

[caption id="attachment_87562" align="aligncenter" width="622"]Flight 3 ဓာတ်ပုံ (ရိုက်တာ)[/caption]

မတ် ၁၉ ရက်မှာ ဂျာမနီ တာဝန်ရှိသူတွေက ပြင်သစ် တရားလိုတွေရဲ့ အကူအညီတောင်းမှုနဲ့ လူးဗစ်ဇ်ရဲ့အိမ်ကို ရှာဖွေရာမှာတော့ လေယာဉ်မောင်းဖို့ အတွက် ကြံ့ခိုင်မှုမရှိတဲ့ ဆေးမှတ်တမ်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘာရောဂါကို ခံစားနေရသလဲဆိုတာကိုတော့ ပုဂ္ဂိုရေးအရ လျှို့ဝှက်ထိန်းသိမ်းရမှာ ဖြစ်တဲ့ အတွက် အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် လူးဗစ်ဇ်ဟာ စိတ်ကျရောဂါကို ခံစားနေရသလို လူမသိအောင်ဖုန်းကွယ်ထားတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဂျာမနီသတင်းတွေမှာ ရေးသားလာပါတယ်။

[caption id="attachment_87563" align="aligncenter" width="611"]Flight 1 ဓာတ်ပုံ (ရိုက်တာ)[/caption]

၂၀၀၉ ခုနှစ်ကတည်းက စိတ်ကျရောဂါကြောင့် ဆရာဝန်တွေဆီကနေ အကူအညီ ရယူနေရတယ် လို့ ဆေးမှတ်တမ်းတွေကို ကိုးကားပြီး သတင်းတွေက ရေးပါတယ်။

ဒါပေမယ့်လည်း လူးဗစ်ဇ်ဟာ လေကြောင်းလိုင်းက သတ်မှတ်ထားတဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့ ဆေးစစ် တာတွေကို အောင်မြင်ထားသလို သတ်သေတာနဲ့ ပတ်သတ်ပြီး ရေးထားတဲ့ မှတ်တမ်းတွေ မတွေ့ရှိတဲ့ အတွက် ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ ပတ်သက်နေတာကို မတွေ့ရဘူးလို့ဆိုပါတယ်။

လေယာဉ်ထိုးဆင်းပြီး ၈ မိနစ်ကြာတဲ့ အထိ လူးဗစ်ဇ်ဟာ တည်ငြိမ်နေသလို အသက်ရှုတာဟာလည်း ပုံမှန်ဖြစ်တယ်လို့ တရားလို ဘရိုက်စ် ရော်ဘင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လူးဗဇ်စ်ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အပြန်အလှန် ပြောဆိုချက်တွေဟာ မီဒီယာ စာမျက်နှာပေါ်မှာ ရောက်ရှိလာပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက် ကယ်လီဖိုးနီးယား ဂိုးဒင်းဂိတ် တံတားရှေ့မှာ ရိုက်ကူးထားတဲ့ လူးဗစ်ဇ်ရဲ့ ဓာတ်ပုံတင်ထားတဲ့ အင်တာနက် လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာကိုလည်း ဖျက်သိမ်းသွားပါတယ်။

[caption id="attachment_87564" align="aligncenter" width="615"]Flight 7 ဓာတ်ပုံ (ရိုက်တာ)[/caption]

လူးဗစ်ဇ်ရဲ့ လက်ရှိ ရည်းစားဟာလည်း မီဒီယာတွေကို ရှောင်ရှားဖို့ မိသားစုနဲ့ အတူ ဟိုတယ်တခုမှာ သွားရောက်နေထိုင်နေတယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးတဲ့သူတွေက သူကို မေးမြန်းနေပါတယ်။

လူးဗစ်ဇ်ကို လေယာဉ်မောင်းသင်ပေးခဲ့တဲ့ ကလပ်အဖွဲ့ဝင် ပီတာ ရှုကာက လူးဗစ်ဇ်ဟာ သတိရှိပြီး ပျော်ရွှင်တတ်တဲ့ လေယာဉ်မှူးဖြစ်သလို ဘာကြောင့် ဒီလိုလုပ်သွားတယ်ဆိုတာကို စဉ်းစားလို့ မရဘူးလို့ ပြောပါတယ်။

ဒါပေမယ့် တနေ့မှာ သူ့နာမည်ကို အားလုံးက သိစေရမယ်လို့ လူးဗစ်ဇ်က ပြောဖူးတဲ့အကြောင်း အသက် ၂၆ နှစ် ရည်းစားဟောင်း မာရီယာဒဗလျူဆိုသူက မီဒီယာတွေကို ပြောကြားလာပါတယ်။

“တနေ့မှာ စနစ်တခုလုံးကို ပြောင်းလဲသွားနိုင်တဲ့ အရာတခုကို လုပ်မယ်၊ အားလုံးက ငါ့နာမည်ကို သတိရပြီး အမှတ်ရနေရမယ်”လို့ လူးဗစ်ဇ်က ပြောတာကို အမှတ်ရမိတယ်လို့ သူက ပြောပါတယ်။

သူတို့တွေဟာ ဥရောပခရီးစဉ်တွေကို ၅လကြာ အတူသွားရောက်ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြသလို နောက်ပိုင်း ကျန်မာရေး ပြဿနာကြောင့်လမ်းခွဲခဲ့တယ်လို့ မာရီယာက ပြောပါတယ်။

ညတရေးနိုးရင် ငါတို့ ပြုတ်ကျနေပြီလို့ အော်တတ်သလို အိမ်မက်ဆိုးတွေနဲ့ ဖိစီးနေတယ်လို့ သူက ပြောပါ တယ်။

တကယ်လို့ လေယာဉ်ကို လူးဗစ်ဇ်က တမင်သက်သက် ထိုးချလိုက်တယ်ဆိုရင် သူ့ရဲ့ ကျန်းမာရေး အခြေ အနေကို နားလည်သိရှိပြီး ကပ္ပတိန်ဖြစ်ရေးအိမ်မက် မဖြစ်နိုင်တော့လို့ လုပ်တာ ဖြစ်မယ်လို့ မာရီယာက ပြောပါ တယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013