DVB Logo
Home
မြန်မာသတင်း
မြင်းခြံကျောင်းသားနှင့်ပြည်သူ ၅ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
DVB
·
March 28, 2015
မြင်းခြံကျောင်းသားနှင့်ပြည်သူ ၅ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
Donate to DVB

မတ်လ ၂၇ ရက် ဆန္ဒပြမှုအတွင်းဖမ်းဆီးခံထားရတဲ့ မြင်းခြံကျောင်းသားနဲ့ဝန်းရံပြည်သူ ၅ ယောက်ကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် တရားစွဲပြီး မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

ကျောင်းသားတွေဖြစ်ကြတဲ့ ကိုဉာဏ်မြင့်သန်းနဲ့ ကိုစည်သူမြတ်၊ ၀န်းရံသူပြည်သူတွေဖြစ်ကြတဲ့ ဦးစိန်ဝင်း၊ မဖြူနဲ့ ကိုကျော်သန်းထွန်းတို့ကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ) တို့နဲ့ အမှုဖွင့်လိုက်တာလို့ ဦးစိန်ဝင်းရဲ့တူ ကိုဝင်းနိုင်က ပြောပါတယ်။

“၁၄၃ရယ် ၁၄၅ ရယ် ၅၀၅(ခ)ရယ်၊ မြင်းခြံတရားရုံးမှာ တရားစွဲပြီး မြင်းခြံထောင်ကို တခါတည်းပို့လိုက်တာပါ။ ရမန်ယူသွားတယ်။ လာမယ့်ဧပြီလ ၁၀ ရက် ရုံးထုတ်မှာဗျ၊။ ပြောရရင်တော့ ပြစ်မှုနဲ့ မလျော်ကန်ပါဘူး။ သူက ကျောင်းသားတွေ အရိုက်ခံရလို့ ၀င်ကာရင်းနဲ့ အဖမ်းခံရတာ။”

ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေပဲဖြစ်ပါတယ်။

မတ်လ ၂၇ ရက်က ရန်ကုန်၊ မန္တလေးနဲ့ မြင်းခြံအပါအ၀င် မြို့ပေါင်း ၁၀ ကျော်မှာ လက်ပံတန်းကျောင်းသားအကြမ်းဖက်ဖြိုခွဲခဲ့တာကို ကျောင်းသားနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲမှုအတွင်း မြင်းခြံမှာ ၅ ဦးနဲ့ ရန်ကုန်မှာ ၃ ဦး စုစုပေါင်း ၈ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မှာ မနေ့က အဖမ်းခံရတဲ့ ကျောင်းသား ၃ ဦးအနက် ရှိန်းရာဇာထွန်းနဲ့ အောင်လေး ခေါ် အောင်ထက်တို့ကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး နန္ဒစစ်အောင်ကိုတော့ သာယာဝတီထောင် ပြောင်းရွှေ့မယ်လို့ ရန်ကုန်က လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ရှိန်းရာဇာထွန်းနဲ့ အောင်လေး ခေါ် အောင်ထက်တို့ကို ပန်းဘဲတန်းမြို့နယ်ရဲစခန်းမှာ ငြိမ်းစုစီပုဒ်မ၁၈နဲ့ အမှုဖွင့်ထားတယ်။ အဲ့ဒီအမှု ဖွင့်ထားတဲ့အတွက် ရုံးချိန်းနေ့မှာ လာရောက်ပါမယ်ဆိုတဲ့ ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပါတယ်။ နနန္ဒစစ်အောင်ကိုတော့ သူ့ကို စွဲဆိုထားတဲ့ လက်ပံတန်းမြို့နယ်တရားရုံးရဲ့ ပြစ်မှုကြီးအမှတ် ၅၉၃/၂၀၁၅ အမှုကို တွဲဖက်ဖို့အတွက် သာယာဝတီထောင်ကို ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်။”

မတ်လ ၁၀ရက်က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် ဒီအကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ဆန့်ကျင်ကြောင်းနဲ့ ဖမ်းထားတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ တနိုင်ငံလုံးအနှံ့ တောင်းဆိုနေကြပြီး ရဲတပ်ဖွဲ့ကလည်း ဆက်လက် နှိမ်နင်းဖမ်းဆီးနေတာ ဖြစ်ပါတယ်။

မြင်းခြံဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီး (ရုပ်သံ)

မြင်းခြံဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီး (ရုပ်သံ ၂ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013