
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရနဲ့ သူပုန်တွေဟာ အကူအညီပေးရေး ယာဉ်တန်းတွေအတွက် ခရီးသွားလာရေး လွယ်ကူချောမွေ့စေဖို့၊ အရပ်သားတွေကို တိုက်ခိုက်တာတွေကို ရှောင်ကြဉ်ဖို့ သဘောတူခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။
ကွန်ဂိုအစိုးရနဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့ အလိုင်းယန့်စ်ဖလဲဗာကွန်ဂိုရဲ့ ကိုယ်စားလှယ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ခွင့်နဲ့ တရားစီရင်ရေးဆိုင်ရာ အကာအကွယ်ပေးရေး၊ အပစ်အခတ်ရပ်စဲရေး ကြီးကြပ်မှုနဲ့ အကျဉ်းသားတွေ လွှတ်ပေးရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းမှာ တိုးတက်မှုရခဲ့တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ခုအပတ် ဆွစ်ဇာလန်နိုင်ငံမှာလုပ်တဲ့ အစည်းအဝေးတခုအတွင်း နှစ်ဖက်စလုံးက သဘောတူခဲ့တာလို့လည်း ပြောပါတယ်။
အရပ်သားတွေကို တိုက်ခိုက်တာရှောင်ဖို့၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာဉ်တန်းတွေ ဖြတ်သန်းသွားလာမှုကို လွယ်ကူချောမွေ့စေရေး သဘောတူခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကွန်ဂို အစိုးရနဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့တို့နဲ့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်ကနေ ခုထိ ကွန်ဂိုအရှေ့ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် စစ်သွေးကြွလှုပ်ရှားမှု၊ ရောဂါတွေနဲ့ အစာရေစာ ငတ်မွတ်မှုတွေကြောင့် သေဆုံးသူ ဦးရေ ၆ သန်းကျော်ပြီလို့ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခခြေရာခံအဖွဲ့ GCTက ၂၀၂၆ ဖေဖော်ဝါရီ ၁၈ ရက်မှာ အစီရင်ခံခဲ့ပါတယ်။










