
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အထူးစစ်ဆင်ရေးလေ့ကျင့်ရေးစခန်းကို စစ်ဆေးပြီး လေ့ကျင့်နေတာတွေကို ကြည့်ရှုခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က မတ် ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဗီဒီယိုထဲမှာ ကင်မ်က စက်ရုံကို ရောက်လာပြီး စစ်ဘက်အရာရှိတွေကို နှုတ်ဆက်ရင်း ကျည်ဆန်တွေနဲ့ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်နေတာတွေကို မကြည့်ခင် တပ်ဖွဲ့တွေကို ပြန်သုံးသပ်နေပုံကို ပြသထားတယ်။
ခေတ်သစ်စစ်ပွဲအတွက် ပြင်ဆင်ဖို့ ပြင်းထန်တဲ့လေ့ကျင့်မှု လိုအပ်တယ်လို့ ကင်မ်က အလေးပေးပြောကြားခဲ့ပြီး နိုင်ငံရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေကို ပြန်ဖွဲ့စည်းဖို့ အစီအစဉ်တွေကို ထုတ်ပြောခဲ့တယ်လို့ KRT က ပြောပါတယ်။
ကာဗွန်ဖိုက်ဘာပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အစိုင်အခဲလောင်စာသုံး ဒုံးကျည်အင်ဂျင်ရဲ့ မြေပြင်စမ်းသပ်မှုနဲ့ အဓိကတိုက်ပွဲတင့်ကားအသစ်ကို စမ်းသပ်နေပုံတွေကိုလည်း ပြသခဲ့ပါတယ်။
တိုက်ပွဲဝင် တင့်ကားအသစ်မှာ တပ်ဆင်ထားတဲ့ တက်ကြွတဲ့ ကာကွယ်ရေးစနစ်ဟာ ရှိပြီးသား တင့်ကားဖျက်လက်နက်အားလုံးနီးပါးကို ကြားဖြတ်နိုင်ပြီး တင့်ကားဟာ ကမ္ဘာတဝန်းမှာ ယှဉ်နိုင်စရာမရှိဘူးလို့လည်း ကင်မ်က ပြောပါတယ်။
အစိုင်အခဲလောင်စာဒုံးပျံအင်ဂျင်ကတော့ အများဆုံးတွန်းကန်အား ၂၅၀၀ ကီလို နယူတန်ရှိပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်းကို အဆင့်မြှင့်တင်ဖို့ ၅ နှစ်တာ ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အသစ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ရှားရှားပါးပါး အာဏာရပါတီညီလာခံမှာ ကင်မ်က နိုင်ငံရဲ့ စစ်ရေးစွမ်းရည်တွေကို ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြှင့်တင်ဖို့ တောင်းဆိုနေချိန်မှာ နျူကလီးယား လက်နက်တွေ ဆက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မဲ့ အစီအစဉ်ကို အတည်ပြုတဲ့ ၅ နှစ် စီမံကိန်းအသစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ မကြာသေးမီလတွေအတွင်း လက်နက်သရုပ်ပြမှုတွေနဲ့ စစ်ရေးစစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ ရှိနေပေမဲ့ သူ့တပ်ဖွဲ့တွေကို ခေတ်မီအောင်လုပ်ဖို့ ကြိုးပမ်းချက်တွေကို အလေးပေးဖော်ပြခဲ့ပါတယ်။
Source: Reuters










