DVB Logo
Home
Lead Story
ကျနော့်ကို သေနတ်နဲ့ထိုးချိန် ထိုင်ခိုင်းပြီး ရမခ တပ်ဝင်းထဲ ပစ်တာ - ကိုဖိုးခွား
DVB
·
March 27, 2015
ကျနော့်ကို သေနတ်နဲ့ထိုးချိန် ထိုင်ခိုင်းပြီး ရမခ တပ်ဝင်းထဲ ပစ်တာ - ကိုဖိုးခွား
Donate to DVB

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အတွင်းက လေယာဉ်တွေထားရှိရာနေရာကို အမည်မသိသေနတ်သမားတွေက   လောင်ချာကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လောက်ကိုင်) က တပ်မတော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို  တိုက်ခိုက်ခံရမှုအပြီး နောက်ထပ် ပိုမိုအဆင့်မြင့်တဲ့ တပ်ဘက်ဆိုင်ရာ အဆင့်မြင့်ဌာနချုပ်တခုကို တိုက်ခိုက်မှုဖြစ်ပါတယ်။

မတ်လ ၂၅ ရက်နေ့ ည ရှစ်နာရီခန့်မှာ လားရှိုးမြို့  ရပ်ကွက် ၁၀ နယ်မြေ (၇) နီလာလမ်းထောင့်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားတွေက ပစ်ခတ်မှုအနီးနေအိမ်တွင်းကနေ ဓာတ်မီးနဲ့ အပြင် ထွက်လာတဲ့ ကိုဖိုးခွားခေါ် ကိုအောင်သင်းကို မီးမှိတ်ထိုင်ခိုင်းပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုမှာ မျက်မြင်သက်သေဖြစ်တဲ့ ကိုအောင်သင်း ခေါ် ကိုဖိုးခွားကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဖိုးခွားခင်ဗျား တမြန်နေ့က ပစ်ခတ်မှုဖြစ်စဉ်မှာ ရမခ ၀င်းအတွင်းကို ပစ်ခတ်တာကို ကိုယ်တိုင်မြင်ခဲ့ရတာဆိုတော့ ဘယ်လိုဖြစ်တာလဲဆိုတာကို သိသလောက် ပြောပြပါလား၊

“ကျနော်ကလည်း အိမ်ရှေ့မှာ လူရှုပ်တာနဲ့ ထွက်ကြည့်တာ။ ထွက်ကြည့်တာနဲ့ ကြုံသွားတာ။”

အဲဒီနေ့က ဖိုးဝှီးကားတစီးနဲ့ ဆာ့ဗ်ကားတစီး ကားနှစ်စီးလို့ ကြားသိရတယ် လာပစ်သူတွေ စီးတာက အဲဒါ ဟုတ်လား။

“ကျနော်ကြုံတွေ့ခဲ့ရတာက အဲဒီလိုမျိုးကားပါတာတွေ ဘာတွေ မတွေ့ဘူး။ အဲဒီရှေ့မှာရပ်ထားတဲ့ ငှက်တစီး (အသံမသဲကွဲ) ရပ်ထားတယ်။ ကျနော်ထွက်တဲ့အချိန် (အိမ်ကနေ) မှာ စက္ကန့်ပိုင်းလေးပဲ ကြာတယ်ပေါ့ဗျာ။ ကျနော်က အိမ်ရှေ့ကိုအထွက် သူတို့ (ပစ်ခတ်သူတွေ) ကလည်း အစီအစဉ်ဆွဲပြီးသားပေါ့။ သူတို့ ပစ်ဖို့လုပ်ဖို့ အစီအစဉ်ဆွဲပြီးသားအချိန်မှာပဲ ကျနော် အိမ်ရှေ့အရောက်၊ ကျနော် ရောက်တာနဲ့ သူတို့လည်း ပစ်တာပဲ။ ကျနော့်ကိုတော့ လောလောဆယ် အပြင်ထွက်လာတော့ သူတို့က လျှပ်တပြက် ကျနော့်ကို တွေ့သွားတော့ ချက်ခြင်း သေနတ်နဲ့ ထိုးချိန်ပြီးတော့ပေါ့ဗျာ ဘာမှတော့ ဟိုဟာမဖြစ်ဘူး။ ဓာတ်မီးထိုးထား (ကိုဖိုးခွားက မှောင်တွင်းမှာ ဓာတ်မီးဖြင့် ထွက်လာ) တာကို မှိတ်ခိုင်းလိုက်တယ်။ ကျနော်လည်း ထိုင်လိုက်တာနဲ့ သူတို့လည်း တခါတည်းပစ်ပြီး ထွက်ပြေးကြတယ်။”

ကိုဖိုးခွားကို အဲဒီသေနတ်သမားတွေက ရိုက်နှက်တာတွေလုပ်သေးလား။

“မရှိပါဘူးဗျ။”

သူတို့ အုပ်စုက ဘယ်နှယောက်လောက်ရှိလဲ။

“သူတို့အုပ်စုက အောက်မှာ ၃ ယောက်ဗျ။ ကားပေါ်မှာက တစ်ယောက် နှစ်ယောက်လောက်ရှိမယ်ထင်တယ်။ ကျနော်တွေ့လိုက်တာက နောက်ခန်းထဲမှာတော့။ အမျိုးသမီးပုံ ၂ ယောက်တော့တွေ့လိုက်တယ်။”

ကားက ဖိုးဝှီးလား။

“ဟုတ်ပါတယ်။”

ကိုဖိုးခွားတို့အိမ်ရှေ့ကနေ သူတို့က ရမခ ဘယ်နေရာကို  ချိန်ပစ်တာလဲ။

“သူတို့ချိန်ပစ်တာ ကျနော်လည်း ဘယ်လိုမျိုးသိနိုင်မလဲဗျ။ သူတို့က အရှေ့ဘက်ကို ပစ်သွားတယ်။ ၀င်းထဲကို ပစ်သွားတာ။”

အဲဒီကားပေါ်မှာ အမျိုးသမီးတွေ ပါတယ်လို့ကြားတယ်။ တွေ့လိုက်သလား။

“ကျနော်ကတော့ အရိပ်ပဲ တွေ့လိုက်တာ။ အမျိုးသမီးရယ် အမျိုးသားရယ် မကွဲပြားဘူး။ အမျိုးသားက  ဦးထုပ်ဆောင်းထားရင်လည်း ဆံပင်ရှည်တဲ့ပုံစံ ပေါက်မှာပဲလေ။

ပစ်ခတ်တာ ဘယ်နှချက် ပစ်သွားကြလဲ။

“တချက်ပဲပစ်တာ။”

နောက်ဆက်တွဲ ဘာတွေ ထိခိုက်ပျက်စီးသွားသေးလဲ။

“အဲဒါတော့ ကျနော်လိုက်မကြည့်တော့ မသိဘူးဗျ။”

စီစီတီဗွီကင်မရာထဲမှာလည်း ပုံတွေ တွေ့တယ်ဆိုလို့ ဟုတ်လား။

“အဲဒါလည်း ကျနော် မသိဘူးဗျ။”

အကိုတို့ကြားတာ သေနတ်သမားတွေက ကား ၂ စီးနဲ့လာတယ်လို့ ကြားလို့လေ။

“ကျနော်ကတော့ ပစ်တာနဲ့၊ သူတို့ ပစ်ပြီးပြေးတာနဲ့ ကိုယ်လည်းပြေးပဲ။ နောက်ဆက်တွဲ ဘာမှ မသိတော့ဘူး။”

အခုပစ်တာက ကိုဖိုးခွားအိမ်ရှေ့ အိမ်နားမှာ ဖြစ်တာနော် ဟုတ်လား။

“ကျနော်တို့ အိမ်တော့ မဟုတ်ဘူးဗျ။ ကျနော့်မိတ်ဆွေအိမ်။ ကျနော်က လုပ်ငန်းကိစ္စနဲ့ သွားရင်းနဲ့ ကြုံသွားတာ။”

ပစ်တဲ့လူတွေက ဘာစကားပြောကြလဲ။

“ဗမာစကားတော့ ကောင်းကောင်းတတ်တယ်ဗျ။ တယောက်ကတော့။ ကျနော့်ကို ချိန်ထားတဲ့ တယောက်ကတော့ ဗမာစကား ကောင်းကောင်းတတ်တယ်။”

သူက အဓိက ဘာပြောလဲ။

“ဘာမှမပြောဘူး။ ဖြစ်စဉ်က အားလုံးပေါင်းမှာ စက္ကန့်ပိုင်းပဲကြာတာ။ ကျနော်ဓာတ်မီးထိုးသွားတဲ့အချိန်မှာ ဓာတ်မီးမှိတ် ဆိုပြီးပြောတာ ဒါပဲ ပြောတာပဲ၊ ဓာတ်မီးမှိတ်ပြီးတော့ ထိုင်ခိုင်းထားတယ်။ ပြီးတော့ ပစ်ပြီး သူတို့လည်း ကားပေါ်ပြေးတက်ပြီး ထွက်လိုက်ကြတာပဲ။

အကိုတို့ကြားတာ ၂ ချက်ပစ်တယ်ကြားလို့။ မမှတ်မိတာများလား။

“ကျနော်တွေ့တာတော့ တချက်တည်းဗျ။ ကျနော့်ရှေ့မှာပဲ ပစ်တာဆိုတော့ မမှတ်မိစရာတော့ အကြောင်းမရှိပါဘူး။”

သေနတ်သမားတွေက ကားထွက်သွားတဲ့အခါမှာ ၆၀ မီလီမီတာအမြောက်ဆန်တလုံး ကျကျန်ရစ်တယ်ဆို။

“အဲဒါလည်း ကျနော်မသိတော့ဘူးဗျ။ ကျနော်လည်း ဖြစ်ပြီးတာနဲ့ ကိုယ့်နေရာကိုယ်ပြန်တော့တာပဲ။”

ကိုဖိုးခွားကို တပ်မတော်နဲ့ ရဲဘက်က ခေါ်ယူစစ်ဆေးမေးမြန်းတာတွေရှိလား။

“အဲလိုတော့မရှိပါဘူးခင်ဗျ။”

ကိုဖိုးခွား ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာတွေ ထပ်သိသေးလဲခင်ဗျ။

“ကျနော် ဘာမှ မသိဘူးခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013