DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သံတမန် ၂ ဦး အီရန်အရေး ဆွေးနွေးပွဲသွားမည့်အစီအစဉ်ကို ထရမ့်ပ် ဖျက်သိမ်း
DVB
·
April 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အီရန်စစ်ပွဲ ကြားဝင်စေ့စပ်ရေးမှူး ပါကစ္စတန်နိုင်ငံဆီ အမေရိကန် သံတမန် ၂ ယောက် သွားမဲ့ခရီးစဉ်ကို ဧပြီ ၂၅ ရက်မှာ ဖျက်သိမ်းခဲ့ပါတယ်။

အစ္စလာမာဘတ်မြို့တော်က ဆွေးနွေးပွဲတွေအတွက် ခရီးသွားလာမှုနဲ့ ကုန်ကျစရိတ်များလွန်းပြီး အီရန်ရဲ့ နောက်ဆုံးငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ သူ့အတွက် မလုံလောက်လို့ အမေရိကန် သံတမန်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျရဒ်ကုရှ်နာတို့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထရမ့်ပ်က သတင်းထောက်တွေကို ဖလော်ရီဒါပြည်နယ်မှာ ပြောပါတယ်။

ထရမ့်ပ်က “ကျနော်တို့မှာ ကတ်အားလုံးရှိတယ်။ လုံလောက်တဲ့ စာရွက်စာတမ်းတစ်ခုရဖို့ လေယာဉ်ပေါ်မှာ ၁၅ နာရီကြာ အချိန်ကုန်ခံပြီး သွားလာနေမှာ မဟုတ်ပါဘူး၊ အီရန်ရဲ့ ခေါင်းဆောင်မှုဟာ ရှုပ်ထွေးနေပေမဲ့ အစီအစဉ်ကို စီမံခန့်ခွဲသူ ဘယ်သူနဲ့မဆို ကိုင်တွယ်သွားမှာပါ” လို့ ပြောပါတယ်။

အီရန်က ခရီးစဉ်ကို ဖျက်သိမ်းပြီးတဲ့နောက် ပဋိပက္ခကို ဖြေရှင်းဖို့ ကမ်းလှမ်းချက်ကို ပိုကောင်းအောင် လုပ်ခဲ့ပေမဲ့ မလုံလောက်ဘူးလို့ ထရမ့်ပ်က ပြောပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီက သူ့ရဲ့ ပါကစ္စတန် ခရီးစဉ်ဟာ အလွန်အကျိုးရှိတယ်လို့ ဧပြီ ၂၅ ရက်က X လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်က အီရန်နဲ့ စစ်ပွဲအတွက် သံတမန်ရေးအရ ဖြေရှင်းချက်တခုအပေါ် အလေးအနက်ထား လုပ်ဆောင်နေတယ်ဆိုတာကို သံသယဝင်ခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးက “အပစ်အခတ်ရပ်စဲရေးနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ စစ်ပွဲကို လုံးဝ အဆုံးသတ်ရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံရဲ့ အခြေခံ ရပ်တည်ချက်တွေကို ရှင်းပြခဲ့ပါတယ်”လို့ သူ့ရဲ့ Telegram အကောင့်မှာ စနေနေ့အစောပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အီရန်နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ်အာရာချီဟာ ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်ဇ် ရှာရစ်ဖ်နဲ့ တခြား အကြီးတန်းအရာရှိတွေနဲ့ ဆွေးနွေးမှုတွေမှာ အောင်မြင်မှု လက္ခဏာမပြဘဲ ပါကစ္စတန်မြို့တော်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ 

အီရန်ဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံကို ပုံမှန်အားဖြင့် သယ်ပို့နေတဲ့ ဟော်မုဇ်ရေလက်ကြားကို အများအားဖြင့် ပိတ်ထားပြီး အမေရိကန်ကတော့ အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ဆို့ထားတာကြောင့် အမေရိကန်နဲ့ အီရန်အစိုးရတို့ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်နေတဲ့ ပဋိပက္ခဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်-အစ္စရေး တို့ရဲ့ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့ပါတယ်။ 

အီရန်ဟာ အဲဒီကတည်းက ပင်လယ်ကွေ့နိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အစ္စရေးနဲ့ အမေရိကန် စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

စစ်ပွဲကြောင့် စွမ်းအင် ဈေးနှုန်းတွေ နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့်ထိ မြင့်တက်စေခဲ့ပြီး ငွေကြေးဖောင်းပွမှုလည်း မြင့်တက်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013