DVB Logo
Home
Lead Story
ရမခ ဌာနချုပ်ကို ပစ်ခတ်မှု အမှုမဖွင့်ပါ - ရဲမှူးကြီး တင်ဖေ၀င်း
DVB
·
March 27, 2015
Donate to DVB

အမည်မသိလက်နက်ကိုင်ဆောင်သူတစုဟာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဝင်းအတွင်းကို ကိုက် ၂၀၀ အကွာလောက် လမ်းဆုံကနေ လက်နက်ကြီးကျည်နဲ့ မတ်လ ၂၅ ရက်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ပစ်ခတ်တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို ဖော်ထုတ်နိုင်မှု မရှိသေးသလို ဘယ်အဖွဲ့ကမှလည်း ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ ကြေညာခြင်း မရှိသေးသလို အစိုးရနဲ့ တပ်မတော်ဘက်ကလည်း သတင်းမထုတ်ပြန်ပါဘူး။ ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ဆေးဖော်ထုတ်နေတဲ့ လားရှိုးမြို့နယ်ရဲစခန်းက ရဲမှူးကြီး တင်ဖေ၀င်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တပ်ဝင်းအတွင်းကို တမြန်နေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ရဲမှူးကြီး ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပြောဖို့ အကန့်အသတ်ရှိတာ နားလည်ပေမယ့် အများပြည်သူ သိဖို့ ပြောလို့ရသလောက် ပြောပြပါ။

“ကျနော်တို့က ရမခ (လားရှိုး) ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကလည်းများတယ်လေ။ လားရှိုးပတ်ခြာလည်မှာက စောစောက ပြောသလို လောက်ကိုင်ဒေသ အခြေခံစစ်ပွဲကလည်းရှိတော့ လုံခြုံရေးကို  မြန်မာပြည်ထက်စာရင်တော့ (၁၀၀) ရာခိုင်နှုန်း မရှိနိုင်ဘူးပေါ့ဗျာ။ ဒီအပေါ်မှာ သိပ်လည်း စိတ်ပူစရာမရှိပါဘူး။ ကျနော်တို့လည်း ဖြစ်တဲ့ဖြစ်စဉ်ကလည်း ရှိသလိုပေါ့နော် ကျနော်တို့ ရှိတဲ့ တပ်ဖွဲ့ဝင်တွေအင်အားရော၊ တပ်ကရော တတ်နိုင်တာ ထုတ်နုတ်ပြီးတော့ အခုဆိုလည်း ဒါ မြို့ပေါ်မှာ လှည့်ကင်းတွေ ပတ်နေတယ်။ နေ့ရော  ညရော လှည့်ကင်းတွေ ပတ်ပြီးတော့ ကာကွယ်ထိန်းသိမ်းတဲ့အလုပ်တွေ ကျနော်တို့ လုပ်နေပါတယ်လို့။”

ပစ်ခတ်မှုဖြစ်တာက တမြန်နေ့ည ၈ နာရီလား၊ ၉ နာရီလား ဘယ်အချိန်လောက် ခန့်မှန်းချိန်မှာ ဖြစ်တာလဲ။

“ခန့်မှန်းချိန်ကတော့ ညဘက်သတင်းလာတဲ့ အချိန်လောက်ပေါ့။ မြန်မာစံတော်ချိန် ည ၈ နာရီဝန်းကျင်လောက်ပဲ။”

မနေ့တုန်းက ပစ်ခတ်မှု ဖြစ်တဲ့နေရာအနားက စီစီတီဗွီကို ရဲမှူးကြီးစစ်ဆေးတယ်လို့ ကျနော်တို့ သိရတယ်။ လာပစ်တဲ့ကားက ၁ စီးလား၊ ၂ စီးလား။

“အဲဒါတွေကတော့ ကျနော်တို့က ဘယ်လိုပြောမလဲ၊ သံသယပေါ့ဗျာ။  မျက်မြင်ဒိဋ္ဌ သိရင်လည်း ဖမ်းနိုင်တာပေါ့။ မျက်မြင်ဒိဋ္ဌ မသိတဲ့အခါကျတော့ ဖြစ်စဉ်နောက်က လိုက်ရတဲ့အတွက် သံသယတွေကို တစစီတစစီ ဆွဲရတာပေါ့နော်။ သံသယဖြစ်တဲ့ အစလေးတွေကို ကျနော်တို့ လိုက်ကြည့်နေတာပေါ့။ စီစီတီဗွီဆိုတာကလည်း ကျနော်တို့ တိုင်းပြည်မှာက ပရိုက်ဗိတ်စီစီတီဗွီတွေပဲ ရှိတာလေ။ ပရိုက်ဗိတ်စီစီတီဗွီမှာလည်း သူ့အကျိုးသူ သုံးထားတဲ့ စီစီတီဗွီဆိုတော့ လွတ်နေတဲ့ အကွက်လေးတွေနဲ့ လမ်းပေါ်မှာ သွားတာလေးတွေ ကိုက်ညီတာလေးတွေ ကျနော်တို့ လိုက်ရှာရတာလေ။ သံသယပဲရှိပါသေးတယ်။ ပြောလို့မရသေးပါဘူး။”

ရမခ တပ်ဝင်းဧရိယာအတွင်းမှာ ကျည်ကျရောက်ပေါက်ကွဲမှုအခြေအနေ၊ ကျည်ဘယ်နှလုံးနဲ့ ထိခိုက်မှုအခြေအနေ သိပါရစေ။

“အဲဒါတော့ တပ်ဧရိယာထဲဖြစ်တယ်ဆိုတော့ ကျနော်လည်း ဂဃနဏတော့ မသိဘူးဗျ။ ကျနော်တို့က မြို့ထဲမှာ ဒီ ပစ်ခတ်တယ်ဆိုတဲ့ သတင်းလေးရတာပေါ့ဗျာ။ အဲဒါလည်း ကျနော် တိတိပပကြီး။ ဒီသတင်းကလည်း တိတိပပကြီး ပစ်တယ်လို့ စိစစ်လို့လည်း မရဘူးဗျ။ အဲဒီတော့ ကျနော်တို့ကတော့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ သတင်းလေးပေါ်မူတည်ပြီး လုပ်ရတာဆိုတော့ စစ်ဆေးလို့လည်းမရဘူးလေ။ အဲလိုဆိုတော့ တိတိပပတော့ ကျနော်လည်း ပြောလို့မရပါဘူး။”

သက်သေခံပစ္စည်းတွေနဲ့ပတ်သက်လို့ကော ရဲမှူးကြီးတို့ဆီမှာ လက်ဝယ်ရှိသလား။ ကျနော်တို့ကြားတာက ၆၀ မီလီမီတာ အမြောက်ကျည်ဆefတခု ကျကျန်ခဲ့တယ်ကြားလို့ပါ။

“အဲဒါလည်း ကျနော်တို့ဆီမှာ လက်ဝယ်မရှိပါဘူး။”

တပ်ဘက်ဆိုင်ရာကပဲ တိုက်ရိုက်ကိုင်တွယ်တာပေါ့နော်။

“ဟုတ်ကဲ့။ ကျနော်တို့ အခုလောလောဆယ် ကေ့စ်လည်း အမှုဖွင့်လှစ်ထားတာလည်း မရှိဘူးဗျ။ လုံခြုံရေးအရ ထိန်းသိမ်းနေတယ်ပေါ့ဗျာ၊ ဒီလိုသတင်းမျိုးထွက်တယ်။ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေဖြစ်တယ်။ အဲဒါကို ကျနော်တို့ လိုက်စိစစ်တဲ့အခါကျတော့လည်း ဟုတ်မဟုတ် ဆိုတာလည်း မသေချာဘူး။ သံသယရှိတာလေးတွေကို မြို့ကို လုံခြုံအောင် လိုက်လုပ်နေတဲ့အပိုင်းရယ်၊ နောက်ပြီးတော့ တကယ် ဟုတ်ခဲ့ရင်လည်း ဘယ်ဟာ ဘယ်ကားကနေ ဘယ်လိုလုပ်တယ်ဆိုတဲ့ ကွင်းဆက်လေးတွေရအောင် ကြိုစားနေတာပါ။”

ဘာတွေ ဖြည့်စွက်ပြောဖို့ ရှိသေးလဲခင်ဗျ။

“မရှိပါဘူးဗျာ။ အတတ်နိုင်ဆုံး လုံခြုံအောင်တော့ ကျနော်တို့ ကြိုးစားနေပါတယ်ပေါ့ဗျာ။ ဒီလောက်ပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013